...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Friday, May 25, 2012

အောင်လံမြို့မှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး

     အောင်လံမြို့မှာ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ကျင်းပပြုလုပ်မြဲဖြစ်တဲ့ မြို့နယ်လုံးကျွတ် ၀ါဆိုသံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးဟာဆိုရင် အခု ၂၀၁၂ ခုနှစ်မှာ (၁၁၈)ကြိမ်မြောက် ရှိခဲ့ပါပြီ။ ယခုနှစ်မှာ ကျောင်းတိုက်ပေါင်း (၁၀၄)တိုက်မှ ဆရာတော်သံဃာတော် (၁၅၁၀)ပါး၊ ကျောင်းတိုက်ပေါင်း (၁၅)တိုက်မှ သီလရှင်(၃၁၅)ပါး၊ စုစုပေါင်း (၁၈၂၅)ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခွင့်ရကြတာပဲဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အပြီးမှာ ရရှိတဲ့စာရင်းအရတော့ စုစုပေါင်း ဆွမ်းဆန်စိမ်း(၃၈၇၅)တင်း၊ ကြက်သွန်နီ(၈၉၂)ပိဿာ၊ ဆီ(၉၁၃)ပိဿာ၊ ဆား(၇၀)ပိဿာ အလှူခံရရှိကြောင်း သိရှိရပါတယ်။ ဆွမ်းဆန်အနေနဲ့ကတော့ ယခုနှစ်မှာ အနားနီးကာမှ ဆန်ဈေး အနည်းငယ်ကျဆင်းသွားတဲ့အတွက် ပိုမိုလောင်းလှူနိုင်ကြတာကို တွေ့ရပါတယ်။ လောင်းလှူနိုင်တဲ့ ဆန်အရည်အသွေးလည်း ပိုမိုကောင်းမွန်လာတာကို တွေ့နေရပါတယ်။ တကယ်တော့ ဆန်တစ်အိတ်၊ တစ်အိတ်ခွဲဆိုရင်ပဲ အသင့်အတင့်နှုန်းနဲ့ အစအဆုံးလောင်းလှူနိုင် ကြပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပုံကတော့ နေ့လည်(၃)နာရီမှာ မြို့လယ်ရှိ သိမ်ကုန်းဓမ္မာရုံဘုရားကြီးမှ စတင်ပြီး ဆရာတော်သံဃာတော်များ၊ ထို့နောက် သီလရှင်ဆရာလေးများမှ အစဉ်အတိုင်း မြို့တစ်ဝက် တစ်ပတ်ပတ်ပြီး ဆွမ်းခံကြွကြတာဖြစ်ပါတယ်။ သီလရှင်ဆရာလေးများနောက်မှာ မြင်ရတာကတော့ အခြားနယ်နီးစပ်ရာများမှ သံဃာတော်များနှင့် သီလရှင်များကို ထပ်မံ လောင်းလှူခွင့်ရကြပါတယ်။ အဲဒီအချိန်မှာဆိုရင် လောင်းလှူဖို့ရည်ရွယ်ထားကြတဲ့ ဆွမ်းဆန်များလည်း ကုန်သလောက်ဖြစ်သွားကြပါပြီ။ ထိုသို့ အခြားမြို့နယ်နီးစပ်မှ သံဃာတော်၊ သီလရှင်များနောက်မှာ တွေ့ရတာကတော့ ဆွမ်းဆန်စိမ်းလောင်းလှူပြီး ပိုသော အကြွင်းအကျန်လေးများကို ဆင်းရဲနွမ်းပါးသူများမှ အလုအယက် တိုးဝှေ့တောင်းရမ်းနေကြရာ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ စနစ်တကျ တန်းစီအလှူခံနိုင်စေရန် စီမံပေးကြရတာကို တွေ့ရပါတယ်။ တောင်းရမ်းနေကြသော ဆင်းရဲနွမ်းပါးသူများအား တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက် ဆန်လှူနေကြတာကို တွေ့မြင်ရသည်မှာလည်း ကြည်နူးဖွယ်ရာ တစ်မျိုးကောင်းသည်ဟု ခံစားမိစေနိုင်ပါတယ်။
မနှစ်က (၁၁၇)ကြိမ်မြောက်မှာတော့ MRTV-4 ရိုက်ကူးရေးအဖွဲ့မှ လာရောက်ရိုက်ကူးထုတ်လွှင့် ပေးသွားပါတယ်။ မနှစ်က လောင်းလှူပွဲမှာ တွေ့ရတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုခုကိုတော့ ယခုနှစ်မှာ မတွေ့ရပါဘူး။ ဒီချုပ်ပါတီအနေနဲ့ ယခုနှစ်မှာ ဆွမ်းဆန်စိမ်းအပြင် ဖျော်ရည်အအေးများလည်း လောင်းလှူတိုက်ကျွေးကြတာကို တွေ့ရပါတယ်။ ညနေ(၆)နာရီခန့်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါတယ်။







 ကိုရင်ကြွက် 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥