...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Friday, November 25, 2011

မြန်မာပရဟိတအသင်းကိုးသင်းက မြွေဆိပ်ဖြေဆေးများလှူဒါန်း

စင်ကာပူရောက် မြန်မာပရဟိတ အသင်း ကိုးသင်းက ကျပ်သိန်း ၅၀ တန်ဖိုး ရှိ မြွေဆိပ်ဖြေဆေး ၄၃၆ လုံးကို တိုင်းဒေသကြီးလေးခုရှိ မြိုနယ်များသို့ လှူဒါန်းခဲ့ကြသည်။
"မြန်မာနိုင်ငံမှာရှိတဲ့ မြွေအန္တရာယ် ကြုံတွေနေရတဲ့ဒေသတွေအတွက် ရည်ရွယ်ပြီး လှူတာပါ။ မြွေအန္တရာယ်ကို ကျေးလက်ဒေသမှာ နေထိုင်တဲ့သူတွေ အများဆုံး ကြုံတွေ့ရတယ်။ တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီဖြေဆေး မရနိုင်ဘူး။ တချို့နေရာတွေကျပြန်တော့ လျှပ်စစ်မီးမရှိလို့ ဆေးကိုထိန်းသိမ်းတဲ့ နေရာမှာ အခက်အခဲရှိတယ်။ ဆေး ထိန်းသိမ်းပုံကိုပါ တစ်ခါတည်း ပြောပြပေးရတယ်။ ဆေးကို ရေလုံပလတ်စတစ်နဲ့ သက်တမ်းကုန်ဆုံးရက်ကို မကွာအောင် အထပ်ထပ်ထုပ်ပိုးပြီး ၁၀ ပေခန့်နက်တဲ့ ရေကန်အောက်ဆုံးမှာ ခဲနဲ့ဖိပြီးသိမ်းဖို့ အကြံပေးရတယ်" ဟု စနေဓမ္မမိတ်ဆွေများအဖွဲ့မှ ဦးသိန်းတန်က ပြောသည်။
အဆိုပါလှူဒါန်းပွဲကို မေလ ၁၇ ရက် နေ့က ဒဂုံမြို့နယ်ရှိ မင်းကွန်းတိပိဋက နိကာယကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ စနေဓမ္မ မိတ်ဆွေများအဖွဲ့၊ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အဖွဲ့၊ သာသနာ့ရောင်ခြည်အသင်း၊ ထားဝယ် မိသားစုအသင်း၊ အောင်လံသုခိတာ အသင်း၊ PSA မြန်မာမိသားစု၊ Lotus Foundation(ဗုဒ္ဓ၊ ဓမ္မ၊ သံဃ လောက အသင်းကြီး)၊ Abidhamma Foundation ၊ Mun siong မှ ရွှေမြန်မာ အဖွဲ့တို့က မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှ ကိုယ်စားလှယ်များအား ပေးအပ်လှူဒါန်းခဲ့သည်။
"မြွေအန္တရာယ်ကြုံတွေ့ရတဲ့ နေရာဒေသအလိုက် ဦးစားပေးစနစ်အနေနဲ့ ဆေးကို ခွဲဝေပေးပါတယ်။ ဆေးသုံးစွဲမှုကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားတယ်။ နောက် တခြားလိုအပ်နေတဲ့ နေရာဒေသတွေကိုလည်း ထပ်လှူသွားဖို့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
မြွေဆိပ်ဖြေဆေး ဆက်လက်လှူဒါန်းသွားရန် စီစဉ်လျက်ရှိပြီး ဆေးလက်ခံမည့် မြို့နယ်၊ ကျေးရွာများတွင် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖ ရပ်ရွာအကျိုးပြု ဆောင်ရွက်နေသူများ၊ ကျောင်းသားဟောင်း (ရပ်ရွာအကျိုးဆောင်သူ)များ အား ဒေသခံပရဟိတ ကော်မတီအဖြစ် ဖွဲ့စည်းကာ ဆေးလက်ခံသူများအဖြစ် ရွေးချယ်ထားသည်။
၎င်းတို့မှတစ်ဆင့် ကျေးရွာ၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဆက်သွယ်ထားကြောင်း သိရသည်။ လှူဒါန်းထားသော မြွေဆိပ်ဖြေဆေးများကို ဒေသခံပရဟိတအဖွဲ့များက ထိန်းသိမ်းထားပြီး ဆေးရုံ၊ ဆေးပေးခန်းတို့က အရေးပေါ်လိုအပ်ပါက ပရဟိတကော်မတီထံ အချိန်မရွေး တောင်းခံနိုင်ရန် စီစဉ်ထားသည်။

မြန်မာတိုင်း

ချယ်ရီသိန်း

အတွဲ ၂၆ ၊ အမှတ် ၅၁၉ (၂၇၊၅ - ၂၊၆ ၊ ၂၀၁၁)

Wednesday, November 23, 2011

ဗုဒ္ဒဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှုသင်တန်း

Sunday, November 20, 2011

နွေရာသီ English Speaking အခမဲ့သင်တန်း အမှတ်တရဓါတ်ပုံများ

Saturday, November 12, 2011

ကွက်လပ်ကလေး ဖြည့်ပေးပါ


အမေနဲ့ စကားပြောဖြစ်တယ်။ ရွာမှာ ဘကြီး ပေါ်ညွှန့် သားမက်ကလေး ပိုးထိ(မြွေကိုက်) လို့ တနေ့ကဆုံးသွားပြီတဲ့။ သူ့ဇနီးကလေးက ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ကျန်ရစ်ခဲ့တယ်တဲ့။ သူ့ကို သဂြိုဟ်တဲ့နေ့မှာ သူ့ဇနီး မီးဖွားသတဲ့။ ရွာမှာမြွေဆေးမရှိလို့ သေသွားရတာပါတဲ့။ အဲဒီရက်မှာပဲ ဟိုးကန်ဇွန်းမဘက်မှာ မြွေကိုက်ခံရတဲ့လူနာကို ကျွန်တော်တို့ ပရဟိတ အဖွဲ့ကလှူထားတဲ့ မြွေဆိပ်ဖြေဆေးနဲ့ အသက်ကယ်လိုက်နိုင်တယ်တဲ့။ မြွေဆေးလေးတွေလှူပါဦး သားရယ်တဲ့။ အမေ့စကားတွေဟာ ကျွန်တော့်အတွေးတွေကို ဆက်သွားစေခဲ့ပါတယ်။
ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်လောက်ကပေါ့။ အထက်အညာ စမ်းကလေးဆိုတဲ့ ရွာကလေး မှာ ရိုးသား ကြိုးစားတဲ့ ကိုဝင်းမောင် မဌေးဆိုတဲ့ ဇနီးမောင်နှံရှိတယ် ။ သူတို့မှာ ၀၀တုတ်တုတ် ဖိုးဝရုပ် လို ချစ်ဖို့ကောင်းတဲ့ (၁)နှစ်သားအရွယ် သားကလေးလည်းရှိတယ်။ အထက်အညာ တောင်ပေါ်ရွာ ကလေးပါပဲ။  ဆင်းရဲသား တောင်ယာသမား လက်လုပ်လက်စားကလေးတွေ နေပါတယ်။ ကျွန်တော် တို့ အဲဒီရွာကလေးကို အလှူအတန်းသွားလုပ်ပေးလေ့ရှိပါတယ်။ အဲဒီကလူတွေဟာ ဆင်းရဲရှာပေမယ့် ရိုးသားပြီး စိတ်ကောင်းနှလုံးကောင်းရှိကြလို့ ကျွန်တော့်တို့ သူတို့ကို တော်တော်လေး ခင်မင်   သံယောဇဉ် ရှိပါတယ်။ သူတို့ရဲ့ နိစ္စဒူဝ အလုပ်က တောင်ယာအလုပ် ၊ ကျွဲ နွား သိုး ဆိတ်ကျောင်း ၊ မြက်ရိတ် နွားစာရှာ ၊ထင်းခွေ၊ တောတိုးပါပဲ။ မြွေဆိုးတွေ အကောင်ရှည် ၊ နှာတိုတွေကလည်း ပေါမှပေါ ။ သမုဒ္ဒရာဝမ်းတစ်ထွာမို့ မြွေပါး ကင်းပါးကိုလဲ ကြောက်နေလို့ မဖြစ်ကြဘူးပေါ့ ။  ဒါကြောင့်မို့ အဲဒီရွာကိုရောက်ရင် ကျွန်တော့်အဖေ ကျောင်းဆရာကြီးက သူတို့ကို သနားလွန်းလို့ “ နာညတြ ဘောဇာတပသာ ” မြွေအန္တရာယ်ကင်းဂါထာကို သင်ပေးတတ်ပါတယ်။ စာမတတ်သူတွေဆိုတော့ သိပ်မရကြပါဘူး ။ အဲဒီအထဲမှာ ကျွန်တော်တို့ စားအိမ်သောက်အိမ်ဖြစ်တဲ့ မဌေးတို့ လင်မယားကို အဖေက ဒီဂါထာတော်သင်ပေးပါတယ် ။ သူ့ယောက်ျား ကိုဝင်းမောင်က ဘုန်းကြီး ကျောင်းထွက်ဆို တော့ ဂါထာကိုရအောင် ရွတ်ပါတယ် ။ မဌေးက စာမတတ် ဥာဏ်သိပ်မကောင်းတော့  နုတ်တက်မရ ဘူးပေါ့။
တနေ့မှာ တုံးခေါက်ချိန်လောက် ကိုဝင်းမောင်ရယ် ၊ မဌေးရယ် သူ့အမကြီးရယ် ယာထဲ ချောင်းထဲကို မှိုရှာ မျှစ်ရှာ နွားစာရှာအသွား အလယ်ကမဌေးကို ပိုးထိပါတယ်။အနီးဆုံး ကျေးလက် ဆေးပေးခန်းရှိတဲ့ ကျွန်တော်တို့ ရွာလေးဆီ အဖေ့ဆီ အားကိုးတကြီးနဲ့ မဌေးကို လှည်းနဲ့တိုက်လာ ကြပါတယ် ။ ကျေးလက် ကျန်းမာရေးမှူးက အဖေ့ရဲ့ သူငယ်ချင်းပါ။ ကျွန်တော်တို့ရွာ ကျေးလက် ဆေးခန်း မှာ မြွေဆေး နတ္ထိ မရှိပါဘူး။ အဖေနဲ့ ကျန်းမာရေးမှူးကြီး ခေါင်းမီးတောက်အောင် ကြိုးစားကြံဆပေမယ့် မြွေကိုက်လူနာအတွက် မြွေဆေးကလွဲရင် ဘာနဲ့မှ ကုလို့မရတာနဲ့ လက်လျော့ ရပါတော့တယ်။ အနီးဆုံးမြို့နယ်ဆေးရုံကို ပို့ဖို့ စီစဉ်ရတာပါ။ ဒါပေမယ့် အချိန်ဟာနည်းလွန်းမက နည်းလွန်းသွားပါပြီ။ ဘယ်သူမှ နောက်မကျပါဘူး။ နေ၀င်တာ စောသွားခဲ့တာပါ။ ကျွန်တော်တို့ရွာကို ရောက်ဖို့ (၄)နာရီ ကြာခဲ့ရပြီး မြို့နယ်ဆေးရုံကို ရောက်ဖို့ နောက်ထပ် (၄) နာရီ အနည်းဆုံး ကြာအုံး မှာပါ။ မဌေးရဲ့ ကိုယ်ခန္ဓာထဲမှာ အဆိပ်တွေ ပျံ့ချင်တိုင်း ပျံ့နှံ့နေခဲ့ပြီပေါ့။ မဌေးတို့ ဇနီးမောင်နှံကို အဖေက သူ့သားသမီး အရင်းလေးတွေလို ချစ်ရှာပါတယ်။မြွေဆေးရှာမရတဲ့ အဆုံးမှာ အဖေဟာ မဌေးကို ပွေ့ပိုက်ထားရင်း သူတတ်သမျှမှတ်သမျှ ဘုရားစာလေးတွေကို တတွတ်တွတ် အဆက် မပြတ် ရွတ်ပေးရင်း အဖေ့မှာ မျက်ရည်တွေနဲ့ဆို့နင့်ကြေကွဲစွာ သူ့သမီး မဌေးရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပါတယ်။ ကျွန်မကို ကယ်ပါဆရာ ။ မြွေဆေးထိုးပေးပါ ။ ကျွန်မ မသေချင်ဘူး ကျွန်မသား လေးနဲ့ ကျွန်မ မခွဲချင်ဘူး။ ကျွန်မမျက်လုံးတွေ  ပြာလာပါပြီ ။ ကျန်မမျက်လုံးတွေ ဘာကိုမှ မမြင် ရတော့ဘူး။ မြွေဆေးပေးကြပါ။ ကျွန်မကို ကယ်ကြပါအုံး။ အဆမတန် ပြင်းထန်တဲ့ မြွေဆိပ်တွေ ကြောင့် မဌေးရဲ့ မျက်ဝန်းက သွေးကြောမျှင်လေးတွေ ပေါက်ထွက်ကုန်ပါပြီ။ အစစအရာရာ စီစဉ် နေတုန်း သတိမရတရကြားက ကျွန်မကို ကယ်ပါ ၊ မြွေဆေးပေးကြပါ လို့ တတွတ်တွတ်တောင်းဆိုနေ တဲ့ မဌေးရဲ့ အဖြေကို ကျွန်တော့်အဖေဟာ မျက်ရည်တွေကြားက ဘာမှပြန်မဖြေနိုင်တော့တဲ့အခါ သေခါနီး လူမမာ မဌေးလေးဟာ သူ့ကို အသက်ကယ်မဲ့မြွေဆေးဆိုတာ ဒီကမ္ဘာမြေမှာ မရနိုင်တော့တဲ့ အရာဆိုတာ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ဘယ်လိုမှ မရနိုင်တော့တဲ့ မြွေဆေးဆိုတာကို  တောင်းဆိုလို့ မရနိုင်တော့မှန်း မဌေးရိပ်မိတဲ့အခါ  “ ကျွန်မသိပါတယ်ဆရာ ၊ ကျွန်မ မနေရတော့ပါ ဘူး ၊ ကျွန်မ မရှိတော့တဲ့အခါ ကျွန်မသားလေးကို စောင့်ရှောက်လိုက်ပါနော် ” တဲ့ ။ မဌေးဟာ သူချစ်တဲ့ တစ်ဦးတည်းသောသား လူမမယ်သားကလေး ၊ မြွေဆေး မရနိုင်တဲ့ဒေသနဲ့ အားလုံးကို အပြီး အပိုင် ကျောခိုင်းစွန့်ခွာသွားပါပြီ။ မြန်မာပြည်မှာ မဌေးတွေ ဘယ်နှစ်ယောက်များ ရှိခဲ့ ၊ ရှိနေ ၊ ရှိလိမ့် ဦးမလဲ မပြောတတ်တော့ပါ။
တမြန်နှစ်က ပခုက္ကူဘက်က အရီးကြေးအုံ တို့ နယ်မှာလဲ သားကလေးပိုးထိလို့ ဖအေကြီးက နောက်ကနေလိုက်သွားတာ ၊ နောက်တကောင်က ဖအေကြီးကို ကိုက်လိုက်လို့ တနေ့တည်းမှာ သားအဖ နှစ်ယောက်စလုံး ဆုံးပါးခဲ့ရတယ်တဲ့၊ အဲဒီဘက်တွေမှာလဲ မြွေဆေးတွေ မရှိနေတာကိုး။ မနှစ်ကလည်း အမေ့ရဲ့ သားလိုဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုမျိုး တစ်ယောက် ကျွန်တော်တို့ရွာ ကို လာပြီး မလေးရှားမှာ အလုပ်သွားလုပ်နေတဲ့ သူ့သားကလေးနဲ့  ဖုန်းလာပြောပြီး အပြန် လမ်းခရီး မှာ ပိုးထိလို့ ဆုံးသွားရပြန်ရော ။ တကယ်တော့ မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကြောင့် နှစ်စဉ် လူပေါင်း ၁၀၀၀၀ ကနေ ၂၀၀၀၀/၃၀၀၀၀ ခန့်အထိ  ရေတိမ်နစ် အသက်ဆုံးရှုံး နေရတာပါ ။ ကျွန်တော်တို့ဆီ မှာ ကျေးလက်ဒေသအနှံ့ မြွေဆေးတွေ မလုံလောက်ပါဘူး။ မြွေအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုတာလည်း ပြောသလောက် ထိရောက်စွာ မလုပ်နိုင်သေးဘူးပေါ့။ တချို့ကို လည်ရှည် ဖိနပ် တွေ ထုတ်ပေးပေမဲ့ တကယ်တမ်း အရေးအကြောင်းမှာ ဖိနပ်မစီးပဲ သွားကြရတဲ့ တောင်သူတွေ အများကြီး ပါဘဲ။
လက်နှိပ်ဓါတ်မီး တလက်ကိုမှ မကိုင်ဘူးတဲ့ ညတွေကို ဖြတ်သန်းနေကြရတဲ့ ကံ နည်း ၊ ဥာဏ်နည်း ၊ ဘ၀မွဲတဲ့ သူတွေ အများကြီးပါပဲ ။ ဟိုတလော အညာကို မြွေဆေးတွေလှူဖို့ ပြန်ခဲ့ ပါတယ်။ ည နက်သန်းခေါင် ညီလေးနဲ့ ဆိုင်ကယ်နောက်ကစီးပြီး အညာရွာတွေကို အဖြတ်မှာ လမ်း မှာလက်နှိပ်ဓါတ်မီးမပါ ဖိနပ်မပါပဲ ၀မ်းစာရေးအတွက် ည (၁၁) နာရီအထိ အိမ်ပြန်မရာက်နိုင် သေး တဲ့ သူတွေကို တွေ့ခဲ့ပါသေးတယ်။ ဒီလူတွေ ကိုမှ မြွေမကိုက်ရင် ဘယ်သူတွေကို မြွေကိုက်မှာ တဲ့လဲ။ အဲဒီအချိန် ညနက်သန်းခေါင်ယံမှာ ကျေးလက် အဝေးပြေးလမ်းမကြီးပေါ်မှာ ၊ အသက် (၇၀) ခန့် အဖိုး နဲ့ အဖွား ဇနီးမောင်နှံ လက်နှိပ်ဓါတ်မီး မပါ ဖိနပ်မပါပဲ တုတ်တစ်ချောင်းရဲ့ အစွန်းတဘက်ကို အဖွားက ရှေ့ကကိုင် ၊ အဖိုးက နောက်က အစွန်း တဘက်ကို ကိုင်ပြီး ဒေါင့်တန်းကြီး လိုက်နေပါတယ် ။ အဖိုးက မျက်စိသန်ပုံ မပေါ်တော့ပါဘူး။ အဖွားက လမ်းကြောင်းခေါ်နေရတဲ့သဘောပါ။ အလှဆုံး မေတ္တာစစ် ၊ အချစ်စစ် ပန်းချီကားတစ်ချပ်လိုပါပဲ။ ဆိုးလိုက်တဲ့ဘ၀တွေ ။ အဲဒီည သန်းခေါင် ကျွန်တော်တို့ ဆိုင်ကယ် ဘီးပေါက်တော့ ကျေးလက်လမ်းပေါ်မှာပဲ ခရီးသွားဦးကြီး တစ်ဦးကို တွေ့တော့ သူက ရွာလေးတစ်ရွာက စက်ဘီးဖာဆိုင်လေးကိုလမ်းပြခေါ်သွားပြီး ကူညီပါတယ်။ ကျွန်တော်တို့ ကျေးဇူးတင်စကားဆိုပြီး ဦးကြီးဘယ်ကိုသွားမှာလဲမေးတော့ ဟိုးငါးမျက်နှာ ဘက်ကလွင်ပြင်ဆီကိုပါ ၊ နောက်ထပ် (၈) မိုင်လောက်လျှောက်ရအုံးမယ်တဲ့။ လက်နှိပ်ဓါတ်မီးလဲမပါ ဘူး ။ ဒီဒေသနဲ့ ဒီလမ်းခရီးမှာ မြွေတွေ သိပ်ပေါတာပဲနော်။ အန္တရယ်ကြီးလိုက်တာလို့ပြောတော့ သူက ပြုံး နေပါတယ် ။ သူ့အပြုံးတွေထဲမှာ ဒီလိုပါပဲ ဆိုတဲ့သင်္ကေတတွေပါနေပါတယ်။ ကျွန်တော်က ကျေးဇူး ဆပ် တဲ့အနေနဲ့ လက်နှိပ်ဓါတ်မီး ၀ယ်ပေးလိုက်မယ်ပြောတော့ ကျေးဇူးတင်ပါတယ်။ အဲဒီ လက်နှိပ် ဓါတ်မီး ၀ယ်မဲ့ငွေကိုပဲပေးပါ ၊ သူဆန်ဝယ်သွားရမှာတဲ့ ။ ဒီလို လူတွေအတွက် မြွေ အန္တရယ် ကြိုတင် ကာကွယ်ဖို့ ၊ လက်နှိပ် ဓါတ်မီးဆောင်ဖို့ ၊ လည်ရှည်ဖိနပ်စီးဖို့ ဆိုတာ မဖြစ်နိုင်သေးတဲ့  ကမ်းဝေး နှင်းဆီ နဲ့ ဆောင်းည အိမ်မက်ရှည်တွေပါပဲ။
တကယ်တော့ မွဲမွဲတေ တေ ကိုယ့်တိုင်းပြည်၊ ပေပေ ဆိုးဆိုး ကိုယ့်လူမျိုး  တွေပါပဲ။ ဘယ်သူ့ ကိုမှ အပြစ် ပုံမချတော့ပဲ အပြုသဘောနဲ့ပဲ လုပ်စရာရှိတာတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ကြရအောင် နော်။ ကျွန်တော်တို့ မြန်မာဖတ်စာထဲကလိုပေါ့ “ ဇွန် ပန်းရုံအနီး လှည်းဘီး နွံထဲ ကျွံနေသည် ၊ ကူ၍ တွန်းပေးကြပါ ၊ မတွန်းနိုင်ဘူးလား ၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ” ကို သတိရ ရမှာပါဘဲ။
ကျေးဇူးတော်အရှင် မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒလိုပါပဲ ။ “ တာဝန်သိသူမှာ တာဝန်ရှိပါတယ် ၊ တာဝန်ရှိသူမှာ တာဝန် ပိပါလိမ့်မယ် ။ တာဝန်မသိသူမှာ တာဝန်မရှိပါ ။ တာဝန်မရှိသူ မှာ တာဝန်မပိပါဘူး ” တဲ့ ။

ကျွန်တော်တို့ တာဝန်သိကြရအောင်လေ……..
                                                  
သုခိအတ္တာနံ ပရိဟရန္တု
      မေတ္တာဖြင့်……
     ကျော်ဝဏ္ဏ
        

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥