...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Tuesday, October 4, 2011

ကျွန်တော်နှင့်ကြွက်များ




    ၈တန်း ၉တန်းလောက်က နွေရာသီကျောင်းပိတ်ရက် တစ်ခုမှာ အဒေါ်ရှိရာ အလယ်ချောင်းရွာသို့ အလည်ရောက်ခဲ့သည်။ ညီအစ်ကိုမောင်နှမ ၀မ်းကွဲတွေများသည့်အတွက် ထိုအိမ်မှာ ကျွန်တော်ပျော်သည်။
    အမေက စည်းကမ်းကြီးပြီး အဒေါ်ကသဘောကောင်းသည်၊ ဖော်ရွေသည်။ လူငယ်တွေကို နားလည်ပေးနိုင်သည်။ ထို့အတွက် အဒေါ့်ကို အမေ့ထက်ပိုချစ်သည်။ ပိုချစ်သည့်အတွက် အဒေါ့်အိမ်ကို မကြာခဏရောက်တတ်သည်။
   သို့ရာတွင် အဒေါ်က အိမ်ထောင်ထိန်းသိမ်းမှုကျတော့ လျော့လျဲသည်။ ဆန်ထည့်သော အိုးခွက်တွေ ဟိုးလိုးဟောင်းလောင်း ထားတတ်၏။ ထို့ကြောင့် သူတို့အိမ်မှာ ကြွက်ပေါသည်။ ကြွက်ကတိုးခေါ် ကြွက်အကောင်သေးသေးလေးတွေ ပြေးလွှားဆော့ကစားနေကြတာ မကြာမကြာတွေ့နေရတတ်သည်။ တစ်နေ့ ကျွန်တော်မနက် ထမင်းကြမ်းစားနေရင်း အခန်းထောင့်က တစ်တောင်လောက်ရှိသည့် ဆန်ပုံးမှာ ထိုကြွက်ကလေးတွေ လေးငါးခြောက်ကောင်ခန့် ၀င်လိုက်ထွက်လိုက် ၀ရုန်းဝရုန်း ဖြစ်နေကြသည်။ သူတို့အတွက် အလျှံပယ်ဖြစ်နေသော စားစရာဆန်တွေကို အဟန့်အတားမဲ့ ဆော့ကစား စားသောက် ပျော်ရွှင်နေကြသည်။ တစ်ကောင့်တစ်ကောင် အသံအမျိုးမျိုးပေးရင်း ပြေးလွှားနေကြသည့် မြင်ကွင်းကြောင့် ရင်ထဲယားကျိကျိ ဖြစ်လာသည်။
    လူကိုဂရုစိုက်ဟန်မပြ၊ ဘေးမဲ့ပေးထားသည့်ပုံစံမျိုးဖြင့် ထင်တိုင်းကျဲနေကြသည်။
   တစ်ခုခုလုပ်မှ ဖြစ်တော့မည်။
   အဒေါ်အိမ်မှာ ကြွက်ထောင်ချောက်ကမရှိ၊ ခဲနှင့်ပစ်လည်း မှန်မည့်ပုံမပေါ်။ ကြွက်ကတိုးလေးတွေက အကောင်သေးလွန်းသည်။ နှုတ်ခမ်းစုတ်ချွန်းချွန်းနှင့် အမြင်ကပ်စရာ။
   ရုတ်တရက်ပေါ်လာသည့်အကြံနှင့် ဦးလေး၏ပုဆိုးတစ်ထည်ကိုယူပြီး တစ်ဖက်စွန်းကိုစုလျက် ကြိုးနှင့်စည်းလိုက်သည်။ အ၀ကျယ်အိတ်ကြီးတစ်ခုဖြစ်သွားသည်။ ဆန်ပုံးကိုမ,ပြီး ထိုအိတ်ထဲထည့်လိုက်ကာ အိတ်အ၀ကိုဘေးမှာပုံထားသည်။
   စကောတစ်ချပ်ကို ဆန်ပုံးပေါ်မှောက်လျှက် ခပ်ဟဟလုပ်ထားကာ ဟထားသောဘက်မှ စကောနှုတ်ခမ်းကို ကြိုးရှည်ရှည်ဖြင့် ဆက်ထားသည်။ ထိုကြိုးရဲ့ တစ်ဘက်စွန်း ဆန်ပုံးကိုမြင့်လောက်သော နေရာတစ်ခုမှ ကျွန်တော်က အသင့်စောင့်နေ၏။
   သိပ်မကြာလိုက်ပါ။ စောစောက သောင်းကျန်းနေသော ကြွက်အုပ်စုပြန်ရောက်လာသည်။ ဆန်ပုံးပတ်ဝန်းကျင် အနေအထား အနည်းငယ်ပြောင်းလဲသွားသည်ကို ပထမ စူးစမ်းနေကြသေးသည်။ နောက်တော့ ဆန်ပုံးထဲကို တစ်ကောင်ပြီးတစ်ကောင် ခုန်ဝင်သွားကြသည်။ ကတ်သီးကတ်ဖဲ့လုပ်နေသော နောက်ဆုံးတစ်ကောင်ဝင်ပြီးသွားအောင် စိတ်ရှည်လက်ရှည်စောင့်ပြီးမှ ကြိုးကိုဆွဲလိုက်သည့်အခါ စကောက ဆန်ပုံးပေါ် အံကျဖုံးမိသွားသည်။
   ကြွက်တွေကိုတော့ မိသွားပြီ။ လွတ်မသွားဖို့လိုသည်။
   ဆန်ပုံးအား ငုံထားသော ပုဆိုးအိတ်အ၀ကို တတ်နိုင်သမျှ အမြင့်ဆုံးရောက်အောင် မ,ထားလိုက်ပြီးမှ စကောကို ဆွဲယူလိုက်သည့်အခါ အလန့်တကြား ခုန်ထွက်လာသော ကြွက်သောင်းကျန်းများ ပုဆိုးအိတ်ထဲ တန်းရောက်သွားကြသည်။ ထိုအခါ အိတ်အ၀ကို ဆက်မြှင့်ထားလျှက် ဆန်ပုံးကို ဆွဲယူလိုက်သည်။
   ပုဆိုးအိတ်ထဲတွင် ကြွက်ကတိုး(၇)ကောင်အုပ်စုကို အရှင်ရလိုက်သည်။
   “ကဲ မင်းတို့ ဘာတတ်နိုင်သေးလဲ ”
 
   ကျွန်တော် ၁၀တန်းအရောက်မှာ ညီအပါအ၀င် သားအမိသုံးယောက် မြို့ပေါ်မှ ဦးလေးအိမ်သို့ ပြောင်းနေရင်း ကျောင်းသွားတက်ရသည်။ ဦးလေးမိသားစု တာဝန်ဖြင့် အခြားမြို့သို့ပြောင်းရ၍ အိမ်ကအားနေသည်။
   ဦးလေးအိမ်မှာ ကြွက်တွေများလှသည်။ သို့ရာတွင် အမေက စည်းကမ်းရှိသူဖြစ်၍ စားလို့သောက်လို့ ရတာမှန်သမျှ အားလုံးကို လုံအောင်ဖုံးပိတ်၍ ထားလေ့ရှိ၏။ ချွေတာစိစစ်တတ်သူမို့ စားကြွင်းစားကျန်လည်း များများမရှိ။ ရှိတာလောက်ကိုလည်း လမ်းထောင့် အမှိုက်ပုံတွင် အချိန်မှန် သွားရောက်စွန့်ပစ်လေ့ရှိသည့် အတွက် အိမ်မှာ ပုရွက်ဆိတ်စာမရှိ၊ ကျီးကန်းစာမရှိ၊ ကြွက်စာလည်းမရှိ။
   ထိုအခါ ညအိပ်ရာဝင်တော့ ပြဿနာတက်သည်။
   ငတ်ပြတ်လာပြီဖြစ်သော အိမ်နေကြွက်သတ္တ၀ါများ ရရာလိုက်ရှာ စားသောက်ဖို့ကြိုးစားလာကြသည်။ အိမ်နေရင်း ကျွန်တော်တို့၏ ခြေချောင်း လက်ချောင်းတွေကို ကြွက်လာကိုက်တာခံရသည်။
   အစကတော့ အိပ်ကာနီး ခြေလက်တွေ စင်ကြယ်အောင်မဆေးမိလို့များလားဟု တွေးခဲ့သေးသည်။ ဒါပေမယ့် သန့်ရှင်းနေလည်း လာကိုက်တာခံရသည်။
   စစ်ကနဲ လာကိုင်သည်နှင့် နိုးလာရသည်။ ခြေချောင်း သို့မဟုတ် လက်ချောင်းထပ်တွေမှာ သွေးစထွက်နေသည်။ ကြာတော့အိပ်ရမှာပင် ကြောက်လာသည်။
   ပထမဆုံး တွေးမိသည်က သံညှပ်ထောင်ချောက်။
   ထောင်ထောင်ချင်း ညမှာပင်“ဂျိုင်း”ကနဲမြည်သံကြား ကြွက်ဝမ်းဖြူလေးတစ်ကောင် ကားခနဲမိနေသည်။ ပထမတော့ စော်ကားလှတဲ့အကောင်တွေ မှတ်ပလား-ဟု အားရ၀မ်းသာမိသည်။ သို့ရာတွင် ဝေဒနာကို မချိမဆန့်ခံစားရင်း ထွန့်ထွန့်လူနေတာ မြင်ရတော့ ရင်ထဲမှာ နာကျင်သွားသည်။ ဒီလိုနည်းမျိုးဖြင့် ကြွက်မထောင်တော့ဟု ဆုံးဖြတ်လိုက်၏။
   ညရောက်လာလျှင် ကျွန်တော်တို့မှာ ခြင်ထောင်ကို စောင်တွေနှင့်အကျအနဖိပြီး ကြွက်ဝင်မလာနိုင်အောင်
ကြိုတင်ကာကွယ်ပြီးမှ အိပ်ကြရပါသည်။
   နောက်ပိုင်းစာထဲဖတ်၍ သိလာရသည်မှာ ခြေချောင်းလက်ချောင်းတွေ ထုံနေလေ့ရှိသော အနာကြီးရောဂါ သည်များ ကျွန်တော်တို့လိုပဲ အိပ်ပျော်နေရင်း ကြွက်လာကိုက်တာကို မသိသည့်အတွက် နိုးလာသည့်အခါ သွေးစို့နေသော ခြေဆစ်လက်ဆစ်အတိုလေးကိုသာ တွေ့ရတတ်သည့်အဖြစ်မျိုးတွေရှိခဲ့သည်။ အိပ်ခန်းအတွင်း ကြွက်ဝင်မလာနိုင်အောင် ကာကွယ်နိုင်သမျှကာကွယ်။ ကြွက်မရှိအောင်အပြတ် နှိမ်နှင်းနိုင်လျှင် နှိမ်နှင်း။ မဟုတ်လျှင်တော့ ကြောင်တစ်ကောင်မွေးဖို့ အကြံပေးထားတာ တွေ့ရသည်။
   ကျွန်တော်တို့သားအမိလည်း ကြောင်ထီးတစ်ကောင် မွေးထားလိုက်တော့မှ ကြွက်ရန်ကင်းကင်းနှင့် ဖြောင့်ဖြောင့်အိပ်နိုင်သွားပါတော့သည်။

   ကျွန်တော့်အိမ်ရှင်မက ဆရာဦးသော်တာဆွေ၏ဇနီး “မေ”လိုပင် တိရစ္ဆာန်တွေကိုချစ်တတ်သည်။ အခြား အိမ်ကခွေးမ အိမ်လာစားလည်းကျွေးသည်။ ကျွေးမှန်းသိတော့ ခွေးမက မှန်မှန်လာတောင်းသည်။ အိမ်နောက်ဖက်မှာ လာနားသော ကျီးကန်းတွေ၊ခိုတွေကိုလည်း အရိုးအရင်း ဟင်းကျန်၊ထမင်းကျန်တွေကို ချကျွေးတတ်သည်။ ကျီးကန်းတွေလာလာစားရင်း နားလွန်းလို့ တီဗီအင်တင်နာတိုင်တွေလည်း တစ်ချောင်းပြီး တစ်ချောင်း ပြုတ်ထွက်ကုန်သည်။
   ထိုအချိန်က အိမ်မှာ ကြောင်,လေးငါးကောင် မွေးထားတာရှိသည်။ တစ်နေ့တစ်နေ့ ကြောင်စာခွေးစာ ငှက်စာအတွက် ဈေးသွားတိုင်း အရိအရွဲတွေကို တောင်းတန်တောင်း၊ ၀ယ်တန်ဝယ်၊ အိမ်ရောက်တော့ အစိမ်းအတိုင်းမကျွေး၊ ကျက်အောင်ရေနှင့်ပြုတ်လိုက်သေးသည်။
   ပြီးတော့မှ ကြောင်တွေကို ဦးစားပေးပြီးကျွေးသည်။ ခွေးမလာတောင်းလျှင်လည်း ချကျွေးသည်။ ခွေးမကလည်းအပါး။ မရှိသေးဘူး၊ ပြန်ဦးဆိုလျှင်ပြန်သည်။ လာစားဆိုစားသည်။ ခွေးမဗိုက်ပြည့်ကြီးနှင့် ဆိုလျှင်လည်း သူ့ခမျာ ဆာနေမှာပဲဆိုပြီး ပိုကျွေးသည်။ ကလေးတွေ မွေးချပြီးလို့ နို့တိုက်နေတဲ့ အချိန်ဆိုလျှင်လည်း သားသည်အမေ,မမို့ မကြာခဏဆာရှာသည် ဟုပြောကာ ကျွေးပြန်ပါသည်။ ထို့ကြောင့်အိမ်မှာ စားကြွင်းစားကျန်တွေ ပေါချင်တိုင်းပေါနေတော့သည်။ ထိုအခါ ကြွက်တွေ တစ်ကောင်စ၊ နှစ်ကောင်စ တွေ့လာရသည်။
   အစာဝနေသော ကြောင်တွေကလည်း ကြွက်တွေကို ရှိတယ်လို့မထင်။ တခါတရံ ဖမ်းမိပြန်လျှင်လည်း ဆော့ဖို့ကစားဖို့လောက်ပဲ။ ဇနီးသည်က သူ့ကြောင်တွေကို ဘာ့ကြောင့်မှန်းမသိ၊ ဖမ်းမိသောကြွက်တွေကို စားပစ်မှာစိုး၍ အမြဲဟန့်တားသည်။
   သို့ဖြစ်၍ ကျွန်တော့်အိမ်က တိရစ္ဆာန်ဂေဟာ တစ်ခုလို ဖြစ်လာသည်။ အစာရေစာပေါများသည့်အတွက် ပုရွက်ဆိတ်တွေကလည်း ပျော်စံနေကြသည်။ နံရံတွေမှာ ပုရွက်ဆိတ်လမ်းကြောင်းတွေ အများအပြား။ နွေရာသီဆိုလျှင် ထိုပုရွက်ဆိတ်တွေနှင့်ပင် နေ့စဉ် နပန်းလုံးနေရသည်။ စပရေးနှင့်ဖြန်းမှ အခိုက်အတန့် သက်သာသည်။
   ပိုးဟပ်တွေကလည်း ဟိုကထွက်လာ ဒီကထွက်လာ ။
   အစာကွင်းဆက်တွေ မပြတ်ရှိနေတာမို့ အိမ်မြှောင်တွေကလည်းပေါပါသည်။ တိုက်ရိုက်ဒုက္ခမပေးသောလည်း သွယ်ဝိုက်၍တော့ ပေးနေသည်။ အိမ်မြှောင်ချေးတွေ နေရာအနှံ့မှာ တွေ့တွေ့နေရသည်။ သူတို့ကိုတော့ ဘယ်လိုနှိမ်နှင်းရမှန်း မတွေးတတ်သေး။
   လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်လောက်က ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော နံရံကပ်ပိုစတာ အချို့ကို သတိရမိသည်။
   တစ်ခုက "စည်းကမ်းရှိသော အိမ်ရှင်မ" ဟူသော ခေါင်းစဉ်နှင့်မီးဖိုထဲမှာ အိမ်ရှင်မတစ်ယောက် ထမင်းရည်ငှဲ့နေပုံက ထမင်းရည်ကို အိုးသန့်သန့်တစ်ခုနှင့်မဖိတ်မစင်အောင် စနစ်တကျခံထားသည်။ မီးဖိုပေါ်မှမီးကို အအားမထားပဲ ရေနွေးအိုးတည်ထားသည်။ ထမင်းစားပွဲက အဖုံးနှင့်အကျအန။ ကြောင်အိမ်ပေါ်မှာလည်း ပန်းကန်ခွက်ယောက်၊ပုလင်းစတာတွေ စီကာစဉ်ကာ။ ကြောင်တစ်ကောင်က သူ့ခွက်နှင့်သူ ဣနြေ္ဒရရ စားနေ၏။ မှောက်ထားသော ငရုတ်ဆုံဘေးမှာ ငရုတ်ကျည်ပွေ့က သပ်သပ်ရပ်ရပ် ထောင်ထားလျှက်။ ကြမ်းပေါ်မှာလည်း အမှိုက်တစ်စုံ တစ်ရာမရှိ ကြည့်လိုက်တာနှင့် သန့်ရှင်းသပ်ရပ်ကာ စိတ်ချမ်းသာစရာကောင်းလှသည်။
   နောက်တစ်ခုက "စည်းကမ်းမဲ့သောအိမ်ရှင်မ" ဟူသောခေါင်းစဉ်နှင့်။ အိမ်ရှင်မက ထမင်းရည်တော့ ငှဲ့နေသည်။ ကြမ်းပေါ်မှာ အဖိတ်ဖိတ်အယိုယို။ မီးဖိုပေါ်မှာ ဘာအိုးမှတည်မထားသည့်အတွက် မီးတောက်က အလကားဖြစ်နေ။ ခွေးတစ်ကောင်နှင့်ကြောင်က အစာလုရင်း ရန်စောင်နေကြ။ ကြွက်လေးငါးကောင်ကလည်းပြေးလွှားနေ။ ကြောင်အိမ်ပေါ်ရှိသမျှ အလဲလဲအပြိုပြို။ အုပ်ဆောင်းကြီး ဘေးမှာချထားသည့်အတွက် ထမင်းစားပွဲက ဟောင်းလောင်း ငရုတ်ဆုံနှင့်ငရုတ်ကျည်ပွေ့က တုံးလုံး။ နံရံမှာ ပင့်ကူအမျှင်တွေ တွဲလဲ၊ အိမ်မြှေင်တွေက ပွစိခတ်နေ။ ကြမ်းပေါ်မှာတော့ ငါးရိုးနှင့်အမှိုက်တွေဗရပွ။ မြင်ကွင်းက အလွန်ကို စိတ်ရှုတ်စရာကောင်းလှပါသည်။
   အဆိုပါ ပိုစတာနှစ်ခုကို အသက်၅၀ကျော် ပုဂ္ဂိုလ်များ မှတ်မိကြပါလိမ့်ဦးမည်။
   ကျွန်တော့်အိမ် မီးဖိုချောင်က အဲသည်လောက်ကြီးတော့ မဆိုးသေးပါ။ သို့ပေမယ့် အိမ်ရှင်မ မကြားအောင်ခပ်တိုးတိုးလေးပြောရရင် အဲဒီလောက်နီးပါးတော့ တခါတခါရှိသွားတတ်ပါသည်။ ပြောပြန်လျှင်လည်း ကျုပ်ကတစ်ယောက်တည်း လုပ်နေရတော့ဟု ပြန်ပက်တတ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ အိမ်ဖော်ငှါးရန် အခက်အခဲရှိသည်မို့ သူတစ်ယောက်တည်းလုပ်ရတာမှန်သည်။
   တစ်ယောက်တည်းမို့ သန့်ရှင်းသပ်ရပ်မှုဘက်က အားနည်းသည်။ မီးဖိုချောင်မှာ စားကြွင်းစားကျန် အဖိတ်အယိုတွေ နေ့စဉ်လိုတွေ့ရ၏။
   သည်လိုနှင့် ကြွက်တွေ တဖြည်းဖြည်းပေါလာသည်။
   ကြောင်တွေကတော့ အသက်ကြီးလို့သေ၊ သူများသတ်စားလို့သေနှင့် နောက်ဆုံး ကြောင်ထီးတစ်ကောင်ပဲ ကျန်တော့သည်။ တွတ်ပီ ဟုခေါ်သော ထိုကြောင်မှာ အိမ်သားတွေနှင့် ခြောက်နှစ်ခန့် နေသွားရသည်။
   နဂိုထဲက ကြွက်မခုတ်တတ်သော ကြောင် အိုလာတော့ကြွက်တွေက ပိုပြီးမလေးမစားလုပ်လာကြသည်။ လူတွေကိုပင် လေးစားရမှန်းမသိတော့။ လူမြင်ကွင်းမှာ ပြေးလားလွှားလား၊ တက်လိုက်ဆင်းလိုက် ဖြစ်လာသည်။ စားချင်သမျှစားနေရတာတောင်မှ ၀ါယားကြိုးတွေကိုက်ဖြတ်လားဖြတ်၊ ဆပ်ပြားတုံးတွေမှာလည်း ကြွက်သွားရာတွေ။
   ညဘက်ဆို အပေါ်ထပ်မှာ သူတို့ တရုန်းရုန်းနှင့် ပြေလွှားနေကြ။
   ကျွန်တော်တို့ ကုတင်အောက်မှာပင် ၀ရုန်းဝရုန်းဖြစ်လာသည်။ ကျွိကျွိ ကျွိကျွိနှင့် အပြန်အလှန် အသံတွေ ပေးနေကြသေးသည်။
   နောက်တော့ နယ်နမိတ် စည်းဘောင်တွေကျွံလာသည်။ အိပ်ယာ ခြင်ထောင်တွေထဲတောင်ရောက်လာပြီး နှောက်ယှက်ကြသည်။
  တစ်ညမှာတော့ ခေါင်းပေါ်ပက်လက်တင်အိပ်ပျော်နေစဉ် ခြင်ထောင်နှင့်ထိနေသော ထိုလက်ကို လာကိုက်သည်။ သည်းခံနိုင်ခြင်းတွေ ကုန်ဆုံးသွားခဲ့ပြီ။
   တစ်ခုခု လုပ်တော့မှဖြစ်မည်။
   တရုတ်မိတ်ဆွေတစ်ယောက် အိမ်ကို ဆေးလိုက်ကုဖူးသည်။ မုန့်ဆိုင်ဖြစ်၍ မုန့်ထုပ်မုန့်ပုံးသေတ္တာတွေ အိမ်နှင့်အပြည့် " ဒီလောက်တောင် စားစရာပေါနေတာ ကြွက်တွေမသောင်းကျန်းဘူးလားဗျာ " ဟု အမှတ်တမဲ့ မေးမိသည်။
   ထိုအခါ လူမမာက
   " ကြွက်သတ်ဆေးပေါ့၊ မနေ့ကပဲ သူတို့ကြိုက်တတ်တဲ့အစာထဲ အဲဒီဆေးတွေရောထည့်ပြီး ကျွေးလိုက်တာ အတုံးအရုန်းပဲ၊ ဟိုနားတကောင်၊ ဒီနားတစ်ကောင်နဲ့၊ ၁၅-ကောင် လောက်ရှိတယ်။ ချောင်ကျိုးချောင်ကြားဝင်သေပြီး ပုတ်နေမှာစိုးလို့ လိုက်ရှာရသေးတယ်။ တော်တော့တော်တယ်၊ ဒီကောင်တွေက အပြင်ထွက်ပြီးမှသေလို့။ အများကြီးပဲ " ဟု မြိန်ရည်ယှက်ရည် ပြန်ပြောနေသည်။
ူ   ကျွန်တော်က " အင်း ခင်ဗျားကျတော့ မသေချင်သေးလို့ ဆေးထိုးနေတယ်၊ လိုအပ်ချင် ဘုရားကိုးဆူတောင် ကပ်ချင်ကပ်ဦးမယ်။ သူများအသက်ကျတော့ အားရပါးရ သတ်နေလိုက်တာ "
   ပြောမနာဆိုမနာ ရင်းနှီးသူမို့ သူ့ကိုဒဲ့ဒိုးပြောခဲ့သည်။
   ကျွန်တော်က ထိုသို့ ကြွက်တွေအတုံးအရုံး သေစေမည့် ကြွက်သတ်ဆေးကို မသုံးလို့ ။
   မသေခင် မချိမဆန့်ခံစားရသည့် သံညှပ်ကိုလည်း ရက်စက်လွန်းရာကျမှာမို့ မသုံးချင် ။
   " ဤအိမ်တွင် ကြွက်ရောင်းရန်ရှိသည် " ဆိုသောစာတန်းရေးထားလျှင် ကြွက်တွေမလာဟု ကြားဖူးသော်လည်း ကြွက်တွေဘယ်လိုလုပ် စာဖတ်တတ်မှာလဲဟူသော သံသယနှင့်မို့ မယုံကြည်။
   နောက်ဆုံးအဆင်ပြေနိုင်ဆုံးနည်းကို စဉ်းစားမိသည်။
   အိမ်ဆောက်စဉ်က လက်သမားလုပ်ပေးသော ကြွက်ထောင်ချောက်တစ်ခုရှိသည်။ ကျွန်းပြင်နှင့်လုပ်ထားသော ရှည်မျောမျောသစ်သားပုံး တစ်ခု၊ ထိပ်တစ်ဘက်က သွပ်ချောင်း သေးသေး ၀င်သာရုံ အပေါက်ဖောက်ထားပြီး အခြားတစ်ဖက်မှာ မောင်းတံနှင့်ဆက်လျှက် တံခါးအရှင်တတ်ထားသည်။ သစ်သားပုံးပေါ်မှာ တိုင်စိုက်ထားကာ တိုင်ထိပ်နှင့် မောင်တံကို ချိန်ခွင်လို ချိတ်ဆက်ထားသည်။
   မောင်းတံတစ်ဖက်စွန်းရှိ သစ်သားပြား၏ အောက်ဖက်တစ်နေရာကို ပုံးထဲမှာ တေ့ရုံလေး ချိတ်ဆက်လိုက်လျှင် ထောင်ချောက်၏ တစ်ဘက်ထိပ်ဝမှ တံခါးအရှင်အပေါ်တက်သွားပြီး ကြွက်ဝင်သာရုံ အပေါက်ဖြစ်လာသည်။
   ကြွက်စာအတွက် မြေပဲတောင့်ကိုသုံးသည်။ ထောင်ချောက်ထဲက တစ်ထွာလောက် သွပ်ချောင်းလေးမှာ မြေပဲတောင့်ကို တံစို့ထိုးပြီး မောင်းတံကဆွဲချသော သစ်သားပြားနှင့် တေ့ချိတ်လိုက်သည့်အခါ ကြွက်ထောင်ဖို့ အသင့်ဖြစ်သွားတော့သည်။
   ကြွက်တွေ၏သဘာဝက ချောင်ဂလောက်တွေကို ၀င်ချင်ထွက်ချင် စူးစမ်းချင်သည်။ အစာရှာထွက်ရင်း ထောင်ချောက်ထဲဝင်မိသည့်အခါ မြေပဲတောင့်ကိုတွေ့မည်။ ကြိုက်တတ်သော အစာဖြစ်သည့်အတွက် မလွဲမသွေစားဖို့ ကြိုးစားမည်။ မြေပဲတောင့်ကို ထိလိုက်တာနှင့် မောင်းတံပြုတ်ကျပြီး တံခါးပိတ်သွားတော့သည်။
   ပထမဆုံး စထောင်တဲ့ညမှာ ထောင်ချောက်ကို အိပ်ခန်းထဲက ကုတင်အောင်မှာထားသည်။ အိပ်ချိန်တောင် မရောက်တတ်သေးပါ။ မောင်းတံပြုတ်ကျသံကြားလိုက်ရသည်။ တံခါးကိုမြင်သာရုံလေး ဟကြည့်သည့်အခါ ကြွက်နှစ်ကောင် တစ်ပြိုက်ထဲမိနေသည်။
   ထိုအဆင့်မှာ အရေးကြီးသည်။ မြင်ချင်ဇောနှင့်အမှတ်တမဲ့ အပြည့်ဟလိုက်မိလျှင် လွတ်ထွက်ကုန်လိမ့်မည်။ လွတ်သွားသော ကြွက်များ နောက်ထပ်ထိုထောင်ချောက်သို့ ပြန်ဝင်တော့မှာ မဟုတ်။ အခြားကြွက်များလည်း ၀င်လာတော့မှာမဟုတ်။ အန္တရာယ်ဟု မှတ်ယူသွားကြလိမ့်မည်။
   ကြွက်တွေက မှတ်ညဏ်အလွတ်ကောင်းသည်။
   သူတို့အတွက် အန္တရာယ်ရှိသည်ဟုထင်ရသော နေရာသို့ နှစ်ခါပြန်မသွားတတ်။ ထိုနေရာကိုကွင်းရှောင်၍ သွားတတ်သည်။
   ကြွက်တွေမှာ အသိညဏ်လည်းရှိသည်။
   တစ်ခါက ကြက်ဥခိုးသော ကြွက်နှစ်ကောင်အကြောင်း ဖတ်ဖူးသည်။ တစ်ကောင်က ကြက်ဥကို ခြေလေးဘက်ဖြင့် မြဲမြဲဖက်တွယ်ကာ ပက်လက်လှန်နေလိုက်သည်။ ပတ္တမြားလုံးချော လက်စွပ်မှာ ကျောက်ကို စွန်ကုတ်များဖြင့် ကုတ်တွယ်ထားသလို ဖြစ်သည်။ နောက်တစ်ကောင်က ထိုပက်လက်လှန်နေသော ကြွက်၏ အမြီးကိုကိုက်ပြီး ကြမ်းမှာ တရွတ်တိုက်ဆွဲသွားခြင်းဖြင့် ကြက်ဥကို မကွဲအောင် သယ်သွားနိုင်ကြတာဖြစ်သည်။
   စိုက်ပျိုးရေးပစ္စည်းဆိုင်မှ အသိတစ်ယောက်က သူ့စိုက်ပျိုးရေးနှင့်ပတ်သက်သော သင်တန်းတက်ခဲ့ရစဉ်က ကြွက်နှင့်ပက်သက်သော သင်တန်းအတွေ့အကြုံတွေ ပြန်ပြောဖူးသည်။
   ကြွက်တွေက တစ်ကောင်နှင့်တစ်ကောင် သတင်းပေးတတ်သည်။ သူတို့သွားနေကျ လမ်းကြောင်း တစ်နေရာ မှာ အန္တရာယ်တစုံတရာ တွေ့ခဲ့သော် တစ်ကောင့်တစ်ကောင် သတင်းပေးသည့်အတွက် နောက်ထပ်ကြွက်များ ထိုနေရာသို့ ရောက်မလာကြတော့။ နေနေကျ နေရာတစ်နေရာက သူတို့အတွက် အန္တရာယ်ရှိနေပြီဟု အကဲခတ်မိလျှင်ထိုနေရာမှ တစ်သိုက်တစ်မြုံလုံး စွန့်ခွာသွားတက်ကြသည်ဆို၏။
   ကြွက်တစ်ကောင်ဖမ်းမိလျှင် ထိုသတင်းကြွက်လောကမှာ ပေါက်ကြားမသွားဖို့ အထူးအရေးကြီးသည်ဟု သင်တန်းဆရာက မှာလိုက်သည်ဆိုပါသည်။
  

ဆက်ရန် ။   ။

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥