...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Saturday, March 5, 2011

သာသနာပြုကျောင်းနှင့်ကျွန်တော်





   သာသနာပြုကျောင်းမှ ကျွန်တော်ထွက်ခဲ့သည်မှာ ၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလမှယနေ့အထိ နှစ်ပေါင်း ခြောက်ဆယ်နီးပါးရှိခဲ့ပေပြီ။ မိမိငယ်စဉ်က ပညာရင်နို့သောက်စို့ခဲ့ရသော ဤကျောင်း၏ဖြစ်စဉ်ကို ရေးရာတွင် အတိတ်ဘ၀သည် မှုန်ဝါးဝါးနှင့် မမှတ်မိသည်လည်းရှိ၊ မေ့ပျောက်ကုန်သည်လည်းရှိခဲ့ပါသည်။  သို့သော်ဤကျောင်းကို ကျေးဇူးဆပ်ဂါရ၀ပြုသောအားဖြင့် မိမိဥာဏ်ရှိသလောက် မှတ်မိသ၍ကို ကျောင်းနေဖက်အပေါင်းအသင်းများထံ မေးမြန်းစုံးစမ်းလေ့လာကာ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
   သာသနာပြုကျောင်း၏အမည်အရှည်မှာ “ဗုဒ္ဓဘာသာ သာသနာပြုကျောင်း (Burma Buddhist Mission School) ဖြစ်ပါသည်။ ၁၉၃၂-ခုနှစ်လောက်က အောင်လံမြို့၊ လယ်ကိုင်ကျောင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာတွင် ၄င်း၏ကျောင်းအတွင်း၌ နေရာလပ်မရှိသဖြင့် လယ်ကိုင်းကျောင်း၏တောင်ဘက်တွင် ယာမြေကွက်တစ်ကွက်ဝယ်ကာ နိဗ္ဗာန်ကျောင်းတစ်ကျောင်းဆောက်ပြီး ဆရာတော်ကြီး၏ရုပ်ကလပ်ကို အဆိုပါနိဗ္ဗာန်ကျောင်းပေါ်တွင် ပင့်ဆောင်ထားကြပြီး လယ်ကိုင်းကျောင်းနှင့် နိဗ္ဗာန်ကျောင်းကြားတွင် ချောင်းငယ်တစ်ခုရှိသဖြင့် တံတားထိုး၍ ဆက်သွယ်ထားရသည်။ လယ်ကိုင်းကျောင်းဆရာတော်ဘုရားကြီး ၏သာဓုကီဋ္ဌနသဘင်ပြီးသောအခါ ၄င်းနိဗ္ဗာန်ကျောင်းမှာ သရဲခြောက်သည်ဟု ပြောကြသဖြင့် နေမည့်သူမရှိ၊ ကျောင်းအနီးသို့ပင် ကပ်ရဲသူပင်မရှိသလောက်ဖြစ်ခဲ့သည်။ ယခုဇေယျဝတီရပ်၊ ယခင်ကန်ကြီးရပ် အရှေ့ပိုင်းမှ ပွဲစာကြီးဦးထွန်းလင်း၏ အစ်ကိုကြီးဖြစ်သူ ဦးစံကဲသည် ဒလ္လဘရဟန်းခံပြီး နိဗ္ဗာန်ကျောင်းတွင် တစ်ပါးတည်းကျောင်းထိုင်ခံလေသည်။ နိဗ္ဗာန်ကျောင်းကိုအစွဲပြု၍ နိဗ္ဗိန္ဒကျောင်းဟု ခေါ်တွင်ကြခြင်းဖြစ်ပါသည်။ ဤကျောင် ဤနေရာမှာပင် ဗုဒ္ဓသာသနာပြုကျောင်း စတင်၍ အခြေချခဲ့ခြင်းဖြစ်ပါသည်။
   
   အချိန်ကား ၁၉၃၀-ပြည့်နှစ်ပတ်ဝန်းကျင်  အခြေအနေတွင် မြန်မာနိုင်ငံကိုအုပ်စိုးနေသော ဗြိတိသျှအစိုးရသည် ပညာရေးကိုအားပေးမှု အလွန်တရာနည်းပါးခဲ့ပေသည်။ ကျွန်တော်တို့ အောင်လံမြို့နယ်တွင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ သင်ကျောင်း (Angle Vernacular Middle School) မှာ ယခုအောင်လံ အ.ထ.က (၁) အရှေ့ရှိ ဘောလုံးကွင်းတွင် ဖွင့်လှစ်ထားပြီး အင်္ဂလိပ်ဘာသာစကား သင်ကျောင်း ဆို၍ ဤကျောင်းတစ်ကျောင်းသာ ဖွင့်လှစ်ပေးခဲ့သည်။ အောင်လံမြို့ပေါ်ရှိ အခြားသောကျောင်းများမှာ ဆရာတော် ဦးနန္ဒိယတည်ထောင်သော တိုင်းရင်းမြန်မာ အထက်တန်းကျောင်း (ရွှေယင်းမာကျောင်း)၊ ဆရာကြီးဦးသာဖန်၏ သရက်တောရပ်ကွက်(ဗိုလ်ကုန်းရပ်)မူလတန်းကျောင်း၊ ကန်ကြီးရပ်ဆရာကြီးဦးတင်၏ မူလတန်းကျောင်းနှင့် သရက်ခရိုင် ဒိစတြိတ်ကောင်စီ၏ အထောက်အပံ့ခံ တိုင်းရင်းမြန်မာအထက်တန်းကျောင်း(ဘုတ်စကူး) စသည်တို့ရှိခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အောင်လံမြို့နယ် သမ္ဘူလတိုက်နယ်၊ မောင်းမလှုပ်ရွာသားဇာတိဖြစ်သော ဆရာတော ဦးမဟာနန္ဒ၊ ဦးကေသရနှင့် မောင်မြသန်းတို့သည် အောင်လံမြို့သို့ ဗုဒ္ဓသာသနာပြုကျောင်းဖွင့်လှစ်ရန် ရောက်ရှိလာကြသည်။
   ဆရာတော်ဦးမဟာနန္ဒသည် အင်္ဂလိပ်-မြန်မာ (၁၀)တန်းကို မန္တလေးမြို့၊ ဆရာကြီးဦးရာဇာတ်၏ အမျိုးသားအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ထို့အပြင် အထက်တန်းဆရာဘ၀ဖြင့် မထမကြီးတန်း ကိုလည်း အောင်မြင်ခဲ့သည်။ 
   ဆရာတော်ဦးကေသရမှာ တိုင်းရင်းမြန်မာ(၁၀)တန်းအောင်နှင့် ပထမလတ်တန်းအောင်မြင်ခဲ့သည်။ မောင်မြသန်း(ယခုအငြိမ်းစားကျောင်းဆရာကြီး-၀က်ထီးကန်) မှာ ဆရာတော်ဦးမဟာနန္ဒ၏ ညီဝမ်းကွဲ တော်စပ်ပြီး ပထမဆုံးနှင့် တစ်ဦးတည်းသော ကျောင်းသားဖြစ်ပါသည်။
   ဆရာတော် ဦးမဟာနန္ဒသည်  ပွဲစားကြီးဦးထွန်းလင်းမှတဆင့် ဘုန်းတော်ကြီးဦးစံကဲနှင့်ဆက်သွယ်မိပြီး နိဗ္ဗိန္ဒကျောင်းသို့ ရောက်ရှိခဲ့ပါသည်။ ဘုန်းတော်ကြီးဦးစံကဲ၏ ခွင့်ပြုချက်အရ ၁၉၃၅-ခု နှစ်ဦးပိုင်းတွင် နိဗ္ဗိန္ဒကျောင်းအမည်မှ “ဗုဒ္ဓဘာသာ သာသနာပြုကျောင်း (Burma Buddhist Mission School) ဟုအမည်ပြောင်းပြီး ကျောင်းဆိုင်းဘုတ်တင်လိုက်ကြပါသည်။ ကျောင်းဖွင့်လှစ်ခြင်းကို အောင်လံမြို့နယ် တစ်ခုလုံးသိရှိရန် လက်ကမ်းစာစောင်ကို အောက်ပါအတိုင်း ရိုက်နှိပ်ဖြန့်ဝေခဲ့သည်။ “ငွေနှင့်စက်၍ သင်ယူရသော ခောတ်ပညာကို အလကားပေးနေပြီ၊ မြို့တော်သူမြို့တော်သား၊ နယ်တော်သူနယ်တော်သား အပေါင်းတို့ သင်၏ရင်သွေးသားသမီးများကို ခောတ်ပညာဖြစ်သော အင်္ဂလိပ်၊ မြန်မာစာ၊ သင်္ချာ၊ ဂဲသြမေတြိ၊ ပထ၀ီဝင်၊ သမိုင်းဘာသာရပ်တို့ကို စနစ်တကျ သင်ပေးနေပါပြီ၊ ယခင် နိဗ္ဗိန္ဒကျောင်းနေရာသို့ လာရောက်အပ်နှံကြပါရန် နှိုးဆော်အပ်ပါသည်။ ” ဟူ၍ဖြစ်ပါသည်။
   
   ဆရာတော် ဦးမဟာနန္ဒသည် ကျောင်းဖွင့်စနှစ်များတွင် သူငယ်တန်းမှ သတ္တမတန်းအထိ အင်္ဂလိပ်စာကို ကိုယ်တိုင်သင်ပေး၏။ ကျောင်းသားဦးရေ (၃၀၀)ကျော်အထိ တိုးပွားလာသောအခါတွင် ပဉ္စမတန်းမှ သတ္တမတန်း အထိ အင်္ဂလိပ်စာကိုသင်ပေးသည်။ သမ္ဘူလ၊ ရွှေပန်းတောစသည့်နယ်ဘက်မှ ပညာသင်ကြားရန်ရောက်လာသော ကျောင်းသားများအား ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားထား၏။ ၄င်းကျောင်းသားများသည် ဆွမ်းခံရ၏။ ကျောင်း၏ဝေယျာဝစ္စအလုပ်များကို လုပ်ကြရ၏။ ရှင်သာမဏေ၀တ် ရဟန်းဝတ်များဖြင့်လည်း ကျောင်းစာကိုသင်ကြရသည်။
   ကျောင်းတွင် မြန်မာစာကလွဲလျှင် ကျန်ဘာသာအားလုံးကို သူငယ်တန်းမှ သတ္တမတန်းအထိ အင်္ဂလိပ်လို သင်ရသည်။ ကျောင်းလခမှာ ထိုစဉ်က ငွေကြေးအခေါ် သုံးမှုး၊ ငါးမှုး၊ သုံးမတ်အထိ အတန်းအလိုက် ပေးသွင်းရသည်။ ဗြိတိသျှအစိုးရ၏ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများတွင်မူ ကျောင်းလခမှာ သုံးကျပ်၊ လေးကျပ်၊ ငါးကျပ်တို့နှင့် နှိုင်းယှဉ်သော် ကျွန်တော်တို့ ကျောင်း၏ဆရာများသည် ကိုယ်ကျိုးစီးပွား မဖက်ပဲ ကျောင်းသားများလည်း လခ သက်သာစေ၊ မိမိတို့လည်း စားလောက်ရုံသာရှိစေ သဘောဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံ စာသင်ပေးကြသည်။
   အောင်လံမြို့၊ အင်္ဂလိပ်-မြန်မာအလယ်တန်းကျောင်း(ဗြိတိသျှအစိုးရကျောင်း)ထက် စံချိန်မနိမ့်ကျဘဲ အမျိုးသားရေး စိတ်ဓါတ်အပြည့်နှင့် စာသင်ကြားပေးသည်။ ကျောင်းသားကျောင်းသူများကိုလည်း တစ်ပတ်တစ်ကြိမ် ဆရာတော်က(၁၅)မိနစ်မှနာရီဝက်လောက်ကြာသည်အထိ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကို ပြောဟောလေ့ရှိသည်။ ကျွန်တော်ဤကျောင်းသို့ ပညာသင်ရောက်သွားချိန်မှာ (၁၃၀၀)ပြည့်အရေးတော်ပုံနှင့်ဗိုလ်အောင်ကျော် ကျောင်းသားသပိတ်အပြီးတွင် ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး လွတ်လပ်ရေး သူ့ကျွန်ဘ၀မှလွတ်မြောက်ရေးတို့အတွက် စည်းရုံးလှုံ့ဆော် အုံကြွနေသော အချိန်ဖြစ်သည်။ ဆရာတော်နှင့်တကွ ဆရာများ(ဆရာမ မရှိပါ)သည် လွတ်လပ်ရေး လှုပ်ရှားမှုတွင် ကျရာအခန်းမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်စေရေးစသည့် အမျိုးသားရေး စိတ်ဓါတ်များကို အပြည့်အ၀ ရိုက်သွင်းပေးသည်။


   နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ အမျိုးသားအောင်ပွဲနေ့တိုင်း မြို့တွင်းသို့ ကျောင်းသူ ကျောင်းသာများ အားလုံး စီတန်းလှည့်လည်ကြသည်။ နွားလှည်းပေါ်တွင် ၀ါးခြမ်းများကို ကမ္ဘာလုံးပုံသဏ္လာန် ပြုလုပ်၍ ကျောင်းသာတစ်ဦးက အမိမြန်မာပြည်အဖြစ်၊ အမျိုးသားဝတ်စုံဝတ်ကာ မြန်မာ့ဒေါင်းအလံကို ကိုင်လျှက် လိုက်ရပါသည်။ ရုပ်ရည်လှပသောကျောင်းသားတစ်ဦးက အမျိုးသမီးဝတ်စုံ (အမိမြန်မာပြည်ဝတ်စုံ)ကိုဝတ်ကာ လိုက်ပါရခြင်းဖြစ်သည်။ ကျွန်တော်မှတ်မိသလောက်ဆိုလျှင် ကန်ကြီးရပ် ဈေးမြောက်ဘက်(၇)လမ်းမှ ကျောင်းသားကိုတင်အောင်က အမိမြန်မာပြည်ဝတ်စုံဝတ်ကာ လှည်းပေါ်တွင် လိုက်ပါလေ့ရှိသည်။ လှည့်လည်ပွဲအပြီးတွင် နောက်ဆုံးစုရပ်မှာ (၇)လမ်းနှင့် အလယ်လမ်းထောင့် ဓမ္မာရုံ ဘုရားကြီးရှေ့တွင်ဖြစ်သည်။ ထိုနေရာသို့ရောက်လျှင် ကျောင်းသားကျောင်းသူအားလုံး တန်းစီရပ်နေချိန်၌ အောင်လံမြို့ တို့ဗမာအစည်းအရုံးမှ သခင်ဗအေး၊ သခင်သွင်၊ သခင်နေဒွန်း စသော သခင်ခေါင်းဆောင်များက လာရောက်ဟောပြောကြသည်။ ကြွေးကြော်သံများ ဟစ်အော်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

   ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပြီး မြို့ကြီးများကို ဗုံးချ၊စက်သေနတ်ဖြင့်ပစ် စသည်ဖြင့် တိုင်းပြည်မငြိမ်မသက် ဖြစ်လာချိန် ၁၉၄၁-ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပိတ်ခဲ့ရသည်။ ကျွန်တော်လည်း မိမိဇာတိ ပြလို့ရွာသို့ ပြန်ခဲ့ရသည်။ ဂျပန်များ မြန်မာပြည်ကိုသိမ်းပြီးနောက် ၁၉၄၂-ခု ဇွန်လ(ခန့်မှန်း)လောက်တွင် ကျောင်းပြန်ဖွင့် ခဲ့သဖြင့် ကျောင်းသို့ပြန်ရောက်ပြီး အင်္ဂလိပ်မြန်မာ ဆဋ္ဌမတန်းတွင် ပညာဆက်လက်သင်ရသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်းဖြစ်နေ၍ လေယာဉ်ပျံများက ဗုံးချ၊ စက်သေနတ်ပစ်စသည်တို့ မကြာခဏဖြစ်နေသဖြင့် ကျွန်တော်၏ဖခင်က စိတ်မချ၍ လာခေါ်သဖြင့် ကျောင်းမှထွက်လိုက်ရသည်။ ၁၉၄၄-ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း၌ ကျောင်းပိတ်လိုက်ရတော့သည်။ ဆရာတော် ဦးမဟာနန္ဒသည် လူဝတ်လဲကာ ဦးပန်း(ဆရာပန်း)အမည်သို့ပြောင်းလိုက်သည်။ ဆရာသည် ဒေါ်နှင်းနှင့် အိမ်ထောင်ကျကာ သစ်စက်လုပ်ငန်း၊ သစ်ကုန်သည်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်းတို့ကို လုပ်ကိုင်ပြီး စီးပွားရှာခဲ့ပါသည်။
ထိုလုပ်ငန်းများမှ အနားယူပြီး(၁၈-၂-၈၉)ရက်နေ့၊ အသက်(၈၅)နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။
   ကျွန်တော်တို့၏ ဆရာများမှာ ဦးမဟာနန္ဒ၊ ဦးကေသရ၊ ဦးကုမာရ၊ ဦးဘဆိုင်၊ မီးရထားရုံပိုင်ဟောင်း ဦးထွန်းဖေ၊ ဆလိုင်းဦးအေး၊ ဦးဘအို၊ ဦးထွန်းအောင်(သတင်းထောက်)၊ ဦးစိန်တို့ဖြစ်ကြပါသည်။ ဆရာအားလုံးပင် ကွယ်လွန်ကြပါပြီ၊ ဆရာတော်လူဝတ်လဲပြီး နောက်ပိုင်းမှစ၍ ကျောင်းစာသင်ခြင်း လုပ်ငန်းတို့မှာ ရပ်ဆိုင်းခဲ့ရပါသည်။ ကျွန်တော်တို့နေခဲ့သော သွပ်မိုးပျဉ်ထောင် နှစ်ထပ်ကျောင်းဆောင်နှင့် ဆွမ်းစားကျောင်းတို့မှာ အိုမင်းရင့်ရော်လာသဖြင့် သုံးထပ်တိုက်များ၊ နှစ်ထပ်တိုက်များဖြင့် အစားထိုးကာ ပြန်လည်တည်ဆောက်ကြပါသည်။ ဆရာဦးပန်း ဒေါ်နှင်းမိသားစုမှ လှူဒါန်းခဲ့သ္ဖောနှစ်ထပ်တိုက်ကျောင်းသည်ပင် ကျောင်းသို့ရောက်တိုင်း ဆရာဦးပန်းနှင့်တကွ ဆရာအားလုံးကို၎င်း၊ သတိရ လွမ်းဆွတ်စရာ ဖြစ်နေပါတော့သည်။ ယခုအခါ ဗုဒ္ဓသာသနပြုကျောင်း ဆိုင်းဘုတ်ကြီးအစား ၀ိသုဒ္ဓါရုံ သာသနာပြု စာသင်တိုက်ဆိုင်းဘုတ်ကြီးသည် အောင်လံမြို့၊ ဇေယျဝတီရပ်၊ ပြည်လမ်းနှင့် သာသနာပြုကျောင်းလမ်းထောင့်တွင် ၀င့်ကြွားစွာ တည်ရှိနေသည်ကို တွေ့မြင်ရပါတော့သည်။ 
   
   ယခင် ဗုဒ္ဓသာသနာပြု ကျောင်း၏နေရာတွင် ဆရာတော် ဘဒ္ဒန္တက္ကန္ဒောဘာသ (အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဥက္ကဋ္ဌ-မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) နှင့်  ဘဒ္ဒန္တတေဇာလကာင်္ရ (ဂန္တ၀ါစက ပဏ္ဍိတ မဟာဂန္တ၀ါစက ပဏ္ဍိတ၊ ဥက္ကဋ္ဌ-မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်) တို့၏ သြ၀ါဒကို ခံယူလျှက် သာမဏေနှင့်ရဟန်းသံဃာ (၁၂၃)ပါး(၁၃၇၁-ခုနှစ်)ကို ပရိယတ္တိစာပေများ ပို့ချရာ ၀ိသုဒ္ဒါရုံသာသနာပြု စာသင်တိုက်ကြီး ပေါ်ပေါက်ဖြစ်ထွန်းလျှက်ရှိပါသည်။ ယခုကဲ့သို့သော သာသနာ ရောင်ဝါ ထွန်းလင်းနေသည့်ကာလ သမ္ပတ္တိခေတ်တွင်၊ စေတနာရှင် မိဘပြည်သူတို့အနေဖြင့် သဒ္ဒါတရား ထက်သက်စွာ ကူညီပံ့ပိုး လှူဒါန်းခြင်းဖြင့် သာသနာအကျိုးသယ်ပိုးကြပါရန် တိုက်တွန်းအပ်ပါသည်။
   ဤကျောင်းမှ အမျိုးသားရေးစိတ်ဓါတ်အပြည့်အ၀ဖြင့် မွေးထုတ်ပေးလိုက်သော ကျောင်းသူကျောင်းသား များသည် နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာမြေပေါ်မှ တော်လှန်တိုက်ထုတ်သောတိုက်ပွဲများ၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲများနှင့် ခေတ်ပြောင်းတော်လှန်ရေးတိုက်ပွဲများတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ ယနေ့တည်ဆောက်နေသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ကျောင်းသူကျောင်းသားဟောင်းများသည် စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးစသော နယ်ပယ်အသီးသီးတွင် ကျရာတာဝန် ပေးအပ်သောလုပ်ငန်း အ၀၀ကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြောင်း တင်ပြရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။
   ကွယ်လွန်သွားကြပြီးဖြစ်သော ဆရာဦးပန်းနှင့် ဗုဒ္ဓဘာသာ သာသနာပြုကျောင်းမှ ဆရာများအား ဤဆောင်းပါးဖြင့် ရိုသေလေးစားစွာ ဦးညွှတ်ကန်တော့အပ်ပါသည်။

   ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် ဗုဒ္ဓဘာသာ သာသနာပြုကျောင်း၏ သမိုင်းကြောင်းကို ရေးသားပေးပို့ခဲ့သော အငြိမ်းစားကျောင်းဆရာကြီး ဦးမြသန်း (၀က်ထီးကန်) အားအထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ ထို့ပြင် လိုအပ်သော အကြံများပေးကြသည့် ကျောင်းသားဟောင်းကြီးများဖြစ်ကြသည့် ဦးလွင်၊ ဦးကြင်အုန်း၊ ဦးကျော်သိန်း တို့အား၎င်း၊ ဆရာဦးပန်း၏ညီအရင်းတော်သူ ဦးဘမြင့်အား၎င်း၊ အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။


                                                                                                               ဦးပန်းစိန်

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥