...
Tab Menu E
♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥
Wednesday, February 16, 2011
"အောင်လံသားကွ"
'ငါရမှရပါ့မလား၊ မရရင်တော့ဒုက္ခပဲ၊ မရရင်ငါသာမဟုတ်ဘူး၊ ငါ့မယားမတင်ရွှေလည်း အကြီးအကျယ် စိတ်မကောင်းဖြစ်တော့မှာပဲ '  ယင်းသို့ ၀င်းမောင်တွေးတောကာ ဇနီးဖြစ်သူမတင်ရွှေ၏မျက်နှာကို မြင်ယောင်လာ၏။ မျက်နှာကိုသာမက တစ်ကိုယ်လုံးကိုပါမြင်ယောက်မိကာ ၀င်းမောင်သက်ပြင်းကြီး ချလိုက်လေ၏။ ဒီအလုပ်မှမရရင် တို့လင်မယား ဘယ်လိုလုပ်စားမလဲ၊ ဒါ့ထက်အရေးကြီးတာက မတင်ရွှေ မျက်နှာမြင်ဖို့ကိစ္စ၊ မျက်နှာမြင်ရင်ငွေကုန်မယ်၊ ဘယ်မှာလဲငွေ'   'ကိုမြဟန်လာပါခင်ဗျာ'  ရုံးစေကခေါ်သဖြင့်
ကိုမြဟန်ဆိုသူသည်အရာရှိ၏အခန်းအတွင်းသို့ဝင်သွားသည်ကိုကြည့်ရင်းဝင်းမောင်စိတ်ကူးပြတ်သွားသည်။
ခဏအတွင်းမှာပင် ကိုမြဟန်ဆိုသူ အခန်းထဲမှထွက်လာရာ နောက်တစ်ယောက်ကိုခေါ်ပြန်သည်။ ထို့နောက်တစ်ယောက်၊ တဖန် တစ်ယောက်၊ ယင်းသို့တစ်ယောက်ခေါ်လိုက် ထွက်လာလိုက်၊ နောက်တစ်ယောက်ခေါ်လိုက်ဖြင့် ၀င်ချည်ထွက်ချည်ဖြစ်နေသည်။
     အချို့ကားမြန်မြန်ထွက်လာ၏။ အချို့ကား အတော်ကြာမှထွက်လာသည်။ တစ်ယောက်ထွက်လာတိုင်း ထွက်လာတိုင်း ၀င်းမောင်မှာ မိမိအားခေါ်လေမည်လားဟု အသည်းတထိတ်ထိတ်၊ ရင်တဖိုဖို ဖြစ်ရသည်မှာအမော။
     နံနက် ၁၀နာရီခန့်က အင်တာဗျူးစလေရာ ယခုညနေ ၄နာရီနီးပါးရှိပါပြီ။ လူတော်တော်ကျန်သေး၏။ အင်တာဗျူးစစ်ဆေးရသည့်အရာရှိလည်း ပင်ပန်းလှပြီထင့်။ တစ်ယောက်တစ်ယောက်ကို အချိန်မကြာလှ။ ၀င်လိုက်ထွက်လိုက်၊ ထွက်လိုက်ဝင်လိုက်ဖြင့် ပျားပန်းခတ်သည့်နှယ် ။
     အင်တာဗျူးအတွေ့အကြုံများကို ပြန်လည်စဉ်းစားနေမိ၏။ တစ်ခါက ရုံးတစ်ရုံးတွင် အလုပ်လျှောက်လေရာ အင်တာဗျူးခေါ်၏။ အခြားလူများသည် ၀င်းမောင်အောက်ပညာအရည်အချင်း နိမ့်ကျသဖြင့် အရည်အချင်းအကောင်းဆုံးဖြစ်သူ ၀င်းမောင်အလုပ်ရမည်မှာ သေချာသည်ဟုထင်ကာ ၀မ်းသာနေသည်။
     “ အလုပ်က အောက်တန်းစာရေးပါ..။ ခင်ဗျားအရည်အချင်းက မြင်နေတယ်၊ အရည်အချင်းမြင့်တဲ့လူဆိုတာ အောက်တန်းစာရေးနေရာမှာ ကြာကြာမနေချင်ဘူး ။ နောက်ပြီးတော့ အလုပ်ကိုလည်း စိတ်မ၀င်စားဘူး”
     ထိုအလုပ်ကို ၀င်းမောင်မရပေ။ ၀င်းမောင်အောက် ပညာအရည်အချင်း နိမ့်သူတစ်ယောက် ရသွား၏။
     တစ်ခေါက်ကလည်းကြုံရဖူးသေ၏။ အင်တာဗျူးခေါ်ရာတွင် ၀င်းမောင်အောက် အရည်အချင်းနိမ့်သူလည်း ပါ၏။ ၀င်းမောင်ထက် အရည်အချင်းမြင့်သူလည်းပါ၏။
     အရာရှိက ဆိုပြန်သည် ။
     “ အလုပ်လုပ်ရာမှာ အရည်အချင်းက အရေးကြီးတယ်၊ အရည်အချင်းကို ထည့်မတွက်ဖူးဆိုရင် ငွေကုန်လူပန်းခံပြီး ပညာသင်ထားရတာ အလကားဖြစ်တော့မှာပေါ့ ”
     ယင်းသို့ ဆင်ခြေဆင်လက် ဆင်နားရွက်တွေပေးကာ ၀င်းမောင်ထက် ပညာအရည်အချင်းသာသူကို ခန့်လိုက်လေသည် ။
     “ ကိုဝင်းမောင်လာပါခင်ဗျာ ”
     ရုံးစေကခေါ်လိုက်သဖြင့် ၀င်းမောင်၏ ရင်ထဲမှာ ထိန်းခနဲဝင်စောင့်လျှက် ဇောချွေးတွေပြန်လာ၏။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တစ်ယောက်မှမရှိတော့။ သူတစ်ယောက်တည်းသာ နောက်ဆုံးလူအဖြစ် ကျန်နေတော့သည် ။
     “ ဟာ. . . ၀င်းမောင် ထိုင်လေကွာ၊ တွေ့ရတာ ၀မ်းသာသဟေ့ ”
     တစ်ခါမျှ မတွေ့ဖူးသော အရာရှိက လည်ပင်းဖက်ကြီးခဲ့သည့် ငယ်ပေါင်းကြီးဖော်ကဲ့သို့ ဖော်ဖော်ရွေရွေ ဖက်လဲတကင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သဖြင့် ၀င်းမောင်အံ့သြသွား၏ ။
     “ ပျားရည်နဲ့ဝမ်းချတယ်ဆိုတာ ဒါမျိုးများဖြစ်လေမလား ” ဟု ၀င်းမောင်တွေးကာ ရင်တထိတ်ထိတ် ဖြစ်နေသည် ။
     “ ၀င်းမောင်က အောင်လံသားနော် ”
     “ ဟုတ်ပါတယ် ဆရာ ”
     “ ဟေ့ . . . မောင်ညွန့်၊ ဒို့အောင်လံသူ အောင်လံသားတွေကို ခေါ်လိုက်စမ်း ”
     ရုံးစေမောင်ညွှန့်ပင် ခေါ်ရန်မလိုပါ။ ရုံးသူရုံးသာများသည် အရာရှိ၏ အကြောကို သိပြီးဖြစ်၍ လာကြရန် ဟန်ပြင်နေကြစဉ် အရာရှိ၏စကားကို ကြားကြသည်နှင့်တပြိုင်နက် အခန်းတွင်းသို့ စုပြုံဝင်ရောက်လာကြသည် ။
     “ ထိုင်ကြဟေ့၊ ဟောဒီဝင်းမောင်ကလည်း တို့အောင်လံသားပဲကွ၊ တို့တတွေ အတူတကွ ပျော်ပျော်ပါးပါး အလုပ်လုပ်ကြရတာပေါ့ကွာ ”
     အရာရှိ၏ စကားအတွက် ၀င်းမောင်အတိုင်းမသိ အားတက်သွား၏။ အိမ်သို့မြန်မြန်ပြေးကာ မယားကို ပြောပြချင်လှသဖြင့် ဖင်တကြွကြွနှင့်။
     “ ပြောစမ်းပါအုံး. . . ၀င်းမောင်ရ၊ တို့အောင်လံမြို့ကို အရင်က အာလန်လို့ခေါ်တယ်မဟုတ်လား ”
     “ ဟုတ်ပါတယ် ခင်ဗျာ ”
     “ အေးကွာ. . အဲဒီအာလန်ဆိုတဲ့ နာမည်ကြီးက ဆိုးလွန်းလို့ ငါဖြင့် တော်တော်လေး ခက်ခက်နေတယ်၊ ဇာတိဘယ်မြို့ကလဲလို့ ငါ့ကိုမေးရင် ပြောရမှာ ကြပ်နေသကွ၊ မလွှဲသာလို့ပြောလိုက်တော့ ၀ိုင်ရယ်ကြတယ်၊ ရှက်လိုက်တာကွာ-မပြောပါနဲ့၊ ဒါနဲ့ ဒီအာလန်ဆိုတဲ့ နာမည်ဆိုးကြီးကိုပြင်ပြီး၊ အောင်လံလို့ အမည်ကောင်း ကောင်းမှည့်ဖို့ စီမံစိုင်းပြင်းတဲ့ လူတွေထဲမှာ ငါလည်းပါသပေါ့ကွာ၊ ပြောစမ်းပါဦး.  . တို့မြို့ကို အရင်က အာလန်လို့ ဘာပြုလို့မှည့်ရတာတုန်း ”
     “ ရှေ့က အာလန်လို့မှည့်တဲ့အကြောင်းအရင်းက ဒီလိုပါခင်ဗျာ၊ မြန်မာသက္ကရာဇ် ထောင့်နှစ်ရာဆယ့်လေးခုနှစ် ပုဂံမင်းလက်ထက်မှာ မြန်မာနဲ့အင်္ဂလိပ် ဒုတိယအကြိမ်စစ်ဖြစ်ကြတော့ မြန်မာကရှုံးလို့ အာလန်အထက်နားက ဒဂုံမော်ရွာမှာ နယ်ခြားကျောက်တိုင်စိုက်ပြီး ကျောက်တိုင်တောင်ဘက်ကို အင်္ဂလိပ်က အုပ်ချုပ်တော့ ကျွန်တော်တို့အာလန်ဟာ အင်္ဂလိပ်နယ်ထဲ ပါသွားတယ်။ အဲဒီတုန်းကတော့ အာလန်ဆိုတဲ့အမည် မရှိသေးပါဘူး၊ မြို့လည်းမဖြစ်သေးပါဘူး၊ တရော်ကုန်းရွာကလေးပါ ”
     “ အမယ်. . .  ၀င်းမောင်က တကယ့်သုတေသနပုဂ္ဂိုလ်ပါလားကွ၊ ဟေ့-မင်းတို့ကော ဒီရာဇ၀င်ကို ကြားဖူးကြရဲ့လား ”
     “ မကြားဖူးပါဘူး ” ဟု စာရေးစာချီများက အလိုက်သင့်ပင်ပြောလိုက်ကြ၏။
     “ ပြောစမ်းပါဦး၊ တရော်ကုန်းရွာကလေးကဘာကြောင့် အာလန်ဖြစ်သွားရတာလဲ ”
     “ ဖြစ်ပုံက ဒီလိုပါခင်ဗျာ၊ တရော်ကုန်းရွာဟာ အင်္ဂလိပ်နဲ့မြန်မာနယ်စပ်နီးလို့ အင်္ဂလိပ်က နယ်ခြားကင်းတပ်ချထားပါတယ်၊ စစ်တပ်ရှိတော့ အရောင်းအ၀ယ်ကောင်းလို့ ရွှေ့ပြောင်းလာကြတဲ့အတွက် တရော်ကုန်းရွာဟာ စည်စည်ကားကားနဲ့ မြို့ဖြစ်လာပါတယ် ။
     အဲဒီအခါ မြို့နာမည်ပေးဖို့ ရွေးချယ်ကြတော့ အင်္ဂလိပ်စစ်တပ်ကို အုပ်ချုပ်တဲ့ စစ်ဗိုလ်မေဂျာအာလန် အမည်ကိုယူပြီး အာလန်မြို့လို့ မှည့်လိုက်တာပါ ”
     “ အမယ်လေး. . ၀င်းမောင်ပြောမှပဲ ရှင်းသွားပေတော့သကွာ၊ ဒါနဲ့ပြေစမ်းပါဦး၊ တို့အောင်လံမြို့ မြောက်ဘက်နားက မြေထဲမြို့အကြောင်း မင်းဘာသိသလဲ၊ ခုတော့မြို့နေရာပဲရှိတော့တာလေ ”
     “ မြေထဲမြို့ကလည်း ခုတင်က ကျွန်တော်ပြောတဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲနဲ့ ဆက်စပ်နေတာပါပဲ၊ ဒဂုံမော်ရွာမှာ နယ်ခြားကျောက်တိုင်စိုက်တော့ မြေထဲမြို့ဟာ အင်္ဂလိပ်နယ်ထဲပါသွားပါတယ်၊ ဒီတော့ မြေထဲမြို့ဝန်မင်းက အင်္ဂလိပ်လက်အောက်မှာ မနေဘူးဆိုပြီး မြန်မာနယ်ထဲက ဆင်ပေါင်ဝဲကိုပြောင်းသွားပါတယ်၊ မြေထဲမြို့သူ မြို့သားတစ်ချို့ဟာ မြို့ဝန်မင်းနဲ့အတူ ဆင်ပေါင်ဝဲကို ပြောင်းနေကြပါတယ်၊ တစ်ချို့လည်း တရော်ကုန်းကို ပြောင်းကြတယ်၊ တစ်ချို့သရက်မြို့ကိုရွှေ့သွားကြတယ်၊ ဒီတော့ အောင်လံမြို့၊ သရက်မြို့နဲ့ ဆင်ပေါင်ဝဲမြို့က လူတွေဟာ မြေထဲမြို့အဆက်အနွယ်တွေဖြစ်လို့ ဆွေမျိုးသာချင်းတွေပဲဖြစ်ပါတယ်၊ ကျွန်တော်ဆိုရင် ဆင်ပေါင်ဝဲမှာမွေးပြီး အောင်လံမှာကြီးတာပါ ”
     “ သြော်. . . ဒီလိုကိုး၊ ဒါဖြင့် ဒီလိုလုပ်ရမယ်ဟေ့၊ တို့ရုံးမှာ နောက်ထပ်အမှုထမ်းခန့်ရင် အောင်လံသာချည်း မခန့်ဘူးကွာ၊ သရက်မြို့သားနဲ့ ဆင်ပေါင်ဝဲမြို့သားတွေကိုလည်းခန့်မယ်၊ ဘာပြုလို့လဲ ဆိုတော့ ခုတင်က ၀င်းမောင်ပြောသလို မြေထဲမြို့အဆက်အနွယ် ဆွေမျိုးသားချင်းတွေ ဖြစ်နေသကိုးကွ၊ တို့ရုံးမှာလည်း အောင်လံသာချည်းခန့်တာမဟုတ်ဘူးလို့ ပြောရအောင် သရက်မြို့သားနဲ့ ဆင်ပေါင်ဝဲမြို့သားကိုလည်းခန့်ရမကွ၊ ဒါ့ထက် စာတိုက်ဗိုလ်ဦးအုန်းဖေတစ်ယောက်ကောကွ၊ ကျန်းမာရဲ့လား ”
     “ ဦးအုန်းဖေဆုံးတာ တော်တော်ကြာပါပြီခင်ဗျာ ”
     “ အေးကွာ. . . လူကြီးတွေလည်း သေပျောက်ကုန်ကြပြီ၊ ရှေ့နေဦးရွှေဟန်လည်း ဆုံးရှာပြီတဲ့၊ တလောကသူ့သမီးနဲ့တွေ့လို့ပြောပြတယ်၊ ဒါ့ထက် သရဲဗအေးလို့ခေါ်တဲ့ သခင်ဗအေးကြီးကော မာရဲ့မဟုတ်လား ”
     “ ဗိုလ်မိုးကျယ်လို့လည်း ခေါ်တယ်ခင်ဗျ . . . မာပါတယ် .”
     “ ဘာလုပ်နေတုန်းကွ ”
     “ တရားအားထုတ်နေပါတယ် ”
     “ ၀ါး ”
     စာရေးတစ်ယောက်က ကျယ်လောင်စွာ သမ်းရာ အားလုံးရယ်ကြလေ၏။
     “ အေးကွာ. .ဒီလောက်သိရရင် တော်သေးပါပြီ၊ သိချင်တာရှိရင်နောက်မှ မေးရဦးမှာပဲ ”
     အရာရှိက ပြောပြောဆိုဆို စားပွဲအံဆွဲထဲမှ ခန့်စာပုံစံကို ဆွဲထုတ်ကာ ဖြည့်စွက်ရေးသား လက်မှတ်ထိုးပြီးနောက် ၀င်းမောင်ကိုပေး၏ ။
     “ ကဲ-မင်းပြန်နိုင်ပြီ၊ နက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့ ”
     စားရေးတစ်ယောက်သည် အရာရှိ၏ အခန်းထဲသို့ပြေးဝင်လာကာ “ ကိုဝင်းမောင် လှေကားပေါ်က လိမ့်ကျပြီးသတိလစ်နေပါတယ်” ဟု ပြာပြာသလဲပြောသည် ။
     အရာရှိသည် အူယားဖားယား ကုလားထိုင်မှထကာ အခန်းထဲမှ ထွက်ခဲ့ရာ ၀င်းမောင်ကို စာရေးများ ၀ိုင်းဝန်းပြုစုနေကြသည်ကို တွေ့ရ၏။
     “ ဟဲ့-ဟဲ့ -လူတွေဒီလောက်ဝိုင်းပိတ်မထားနဲ့လေ. . .နောက်ကိုဆုတ်ကြစမ်း၊ ဟိုအပေါ်ကပန်ကာကို ဖွင့်လိုက်၊ မကြင် ငါ့အခန်းထဲက စားပွဲအံဆွဲထဲမှာ သွေးဆေးသွားယူပြီး နှာဝထဲနည်းနည်းထည့်ပေး တစ်ယောက်ကရင်ဝနည်းနည်းဖိပေးလေ၊ သာခင်က ခြေဖ၀ါးကို နာနာနှိပ်ပေးစမ်း ”
     အရာရှိ၏အမိန့်အတိုင်း နှိပ်ကြ၊ နယ်ကြ၊ ပြုစုကြလေရာ အတန်ကြာသောအခါ ၀င်းမောင် မျက်စိဖွင်လာပြီး ပတ်ဝန်းကျင်ကို အံ့သြသောအကြည့်ဖြင့် ကြည့်လေ၏ ။
     “ ဟ-သတိရလာပြီ၊ ကောင်းပါလေ့ကွာ. . .ငါ့ဖြင့် စိတ်မကောင်းဖြစ်လိုက်ရတာ မပြောပါနဲ့တော့ ”
     အရာရှိမှာ စကားဆုံးအောင်မပြောနိုင်အောင်ပဲ၊ ၀င်းမောင်၏ စကားကြောင့် ပါးစပ်ဟောင်းလောင်းဖြစ်သွားလေသည် ။
     “ ဟေ-ဘယ်လိုလဲဟ၊ ၀င်းမောင်ခေါင်းကိုထိသွားပြီး စိတ်များနောက်သွားရော့သလားကွာ၊ ဟေ့-၀င်းမောင် ဒါရုံးကွ၊ မင်းအလုပ်လျှောက်တဲ့ရုံး၊ မင်းကို ဒီကနေ့ပဲအလုပ်ခန့်လိုက်ပြီ၊ ခန့်စာ
မင်းအင်္ကျီထဲမှာ ”
     “ ၀မ်းသာလိုက်တာခင်ဗျာ ”
     “ ကဲ-၀င်းမောင်ကို ငါကိုယ်တိုင်လိုက်ပို့မယ်၊ မင်းနေတာက ဘယ်မှာလဲဟေ့ ”
     အရာရှိကမေးလိုက်ရာ ၀င်းမောင်သည် အရာရှိကို ပြူးကြောင်ကြောင်ကြည့်ရင်း “ကျွန်တော်ဘယ်မှာ နေတယ်ဆိုတာ သတိမရတော့ပါဘူးခင်ဗျာ ” ဆိုလေ၏ ။
     “ ရော်. . ခက်ပြီ၊ ဦးခေါင်းထိလို့ သတိမေ့နေတာနဲ့တူတယ်၊ ဟေ့-စံမင်း၊ ၀င်းမောင်လျှောက်လွှာကို သွားကြည့်စမ်း၊ သူ့လျှောက်လွှာထဲမှာ သူနေတဲ့လိပ်စာပါတယ် ”
     အရာရှိ၏အမိန့်အတိုင်း၊ စာရေးစံမင်းက ၀င်းမောင်၏လျှောက်လွှာကိုယူကြည့်ပြီး၊ လိပ်စာကူးရေးကာ အရာရှိသို့ပေး၏ ။
     “ ဟုတ်ပြီ၊ ကဲ. . .၀င်းမောင်ကိုတွဲပြီး ငါ့မော်တော်ကားဆီပို့ကြစမ်းဟေ့. . ငါကိုယ်တိုင် သူတို့အိမ်လိုက်ပို့ပေးလိုက်မယ်၊ ဉာတကာနဉ္စ သင်္ဂဟော တဲ့ မင်္ဂလာတရားတော်အတိုင်ပေါ့ကွာ ” ၀င်းမောင်ကို အခြားစာရေးများက တွဲကာ မော်တော်ကားပေါ်အရောက် တင်ပို့ကြ၏။ အရာရှိက မော်တော်ကားကို ကိုယ်တိုင်မောင်းသွားလေသည် ။
     အိမ်ရှေ့တွင် ခန်းနားထည်ဝါသော မှန်ကားကြီးတစ်စီး ရပ်သည်ကိုမြင်ရသဖြင့် ၀င်းမောင်၏ဇနီး မတင်ရွှေသည် တအံ့တသြဖြင့် အိမ်ပေါ်မှပြေးဆင်းလာသည် ။
     “ ဟေ့ ကလေးမ- မင်းက ၀င်းမောင့်မယားလား ”
     အရာရှိ၏ ထူးခြားသောစကားကြောင့် မတင်ရွှေထိတ်လန့်တုန်လှုပ်သွားကာ “ဟုတ်ပါတယ်ရှင်၊ ဘာများအကြောင်းထူးရှိလို့ပါလဲ ” ဟုတုန်တုန်ယင်ယင်ဖြင့် မေးလေသည် ။
      ” အကြောင်းထူးကတော့ဟေ့. . .မင်းယောက်ျားငါ့ရုံးမှာ ဒီနေ့ပဲအလုပ်ရတယ်၊ ရုံးကအဆင်း လှေကားပေါ်ကလိမ့်ကျပြီး ခေါင်းကိုထိသွားလို့ သတိမေ့တေ့တေ့ဖြစ်နေသကွ ”
     “ အမယ်လေး. . .ဖြစ်မှဖြစ်ရလေရှင် ”
     “ အေး. . .ဖြစ်ပြီးတာတွေတော့ဘယ်တတ်နိုင်မလဲကွာ၊ ဒီတော့ အိမ်မှာတင် ကုသကြည့်၊ မသက်သာရင်ငါ့ဆီအကြောင်းကြား၊ စိတ်ကျန်းမာရေးဆေးရုံကို ပို့သင့်ရင်ပို့ရမယ်၊ နေကောင်းရင်လည်း ရုံးတက်ပစေ၊ နေမကောင်းသေရင်လည်း ရုံးမတက်နဲ့၊ ရပါတယ်၊ တို့တတွေက ဆွေမျိုးသားချင်းတွေကလားကွ ”
     “ ကျေးဇူးတင်ပါတယ်ရှင် ”
     မတင်ရွှေက ကျေးဇူးတင်စကားပြောပြီး၊ ၀င်းမောင်ကို တွဲခေါ်၏။
     “ ငါသွားမယ်နော်၊ ပေါ့မနေနဲ့၊ အထူးဂရုစိုက်၊ အရေးကြီးရင် ငါ့ကိုအကြောင်းကြား ”
     အရာရှိက ပြောပြောဆိုဆို မော်တော်ကားမောင်း၍ ထွက်သွားလေသည်။
     မတင်ရွှေသည် ၀င်းမောင်ကိုအိမ်ပေါ်သို့ တွဲခေါ်လာပြီး၊ ကုလားထိုင်တစ်လုံးတွင် ထိုင်စေ၏။
     “ ဖြစ်မှဖြစ်ရလေရှင်. . . ၊ အလုပ်ကလေးလည်းရရော၊ ဝေဒနာကလည်း ပေါ်လာရောဆိုတော့ ကံဆိုးလိုက် တာနော်. . . ” ဟု မတင်ရွှေက ညည်းညည်းညူညူပြောရှာသည်။
     “ ဟဲ. . .ဟဲ ကံမဆိုးပါဘူးကွ၊ ကံကောင်းပါတယ်”
     “ သတိထားပါရှင်. .ရှင်တို့အရာရှိကြီးကပြောတော့ ရှင်သတိတွေမေ့နေတယ်ဆို၊ ကဲ-ပြောစမ်း၊ ကျွန်မကို သိသေးရဲ့လား ”
     “ သိတာပေါ့ကွ၊ ငါ့မယား မတင်ရွှေလေ”
     “ အလို. . .ဒီလိုတော့လည်း ရှင်သတိအကောင်းသားပါကလား၊ ပြောစမ်းပါဦး၊ သတိမေ့တယ်ဆိုတာက ဘယ်လိုတုန်း၊ အရာရှိက ရှင့်ကို အလုပ်မပေးချင်လို့ ဉာဏ်ဆင်တာများလား ”
     “ ပူမနေစမ်းပါနဲ့ကွာ၊ အလုပ်လည်းရခဲ့ပါပြီ၊ ငါလည်းနေကောင်းပါတယ်၊ နက်ဖြန်အလုပ်ဆင်းမယ်၊ နောက်ကြောင်းတွေလည်း အေးသွားပါပြီ ”
     “ နောက်ကြောင်းအေးတယ်ဆိုတာက ဘယ်လိုလဲရှင့်၊ ရှင်စိတ်မှကောင်းရဲ့လား ”
     မတင်ရွှေက စိတ်မချမ်းသာသည့် အမူအယာဖြင့်မေး၏။
     “ ဘာမှမပူနဲ့ ငါစိတ်ရော လူရော အားလုံးကောင်းတယ်၊ နောက်ကြောင်းအေးပြီဆိုတာက အကြောင်းထူးရှိလို့ပြောတာ ”
     “ ဘယ်လိုအကြောင်းထူးလဲ ” မတင်ရွှေက အံ့သြသံဖြင့် မေးလိုက်သည် ။
     “ အကြောင်းထူးဆိုတာကတော့ ရယ်စရာပဲကောင်းသလား၊ ငိုစရာပဲကောင်းသလားတော့ မပြောတတ်ဘူး၊ ဆန်းတော့ခပ်ဆန်းဆန်းပဲ ”
     “ အကြောင်းထူးးဆိုတာကို မြန်မြန်ပြောစမ်းပါရှင်၊ ရှည်တောမူလိုက်တာ ”
     “ ဒီလိုကွာ. . .အခုငါ့ကို အလုပ်ခန့်လိုက်တဲ့အရာရှိက အောင်လံသားတဲ့ကွ၊ သူ့ရုံးမှာ အောင်လံသားကိုမှ ခန့်တယ်လို့ သတင်းကြီးနေတယ်၊ ဒီတော့ ငါလည်းအောင်လံသားပါဆိုပြီး အလုပ်လျှောက်လိုက်ရတာပေါ့ ”
     “ ဟင်. . ရှင်ရော၊ ကျွန်မရော တောင်တွင်းကြီးဇာတိတွေ ဖြစ်ရက်နဲ့ ဘာပြုလို့လိမ်လျှောက်ရတာလဲ၊ နောင်တစ်နေ့ အလိမ်ပေါ်သွားရင် ဒုက္ခတော့ရောက်တော့မှာပဲ ”
     “ နောက်မှရောက်မယ့်ဒုက္ခထက် အခုလောလောဆယ် တို့စားဝတ်နေရေး မပြေလည်တဲ့ဒုက္ခက ပိုဆိုးနေတယ်မဟုတ်လားကွာ၊ ဒီတော့ မလွှဲသာလွန်းလို့ လိမ်လိုက်ရတော့တာပဲ၊ အူမမတောင့်လို့ သီလမစောင့်နိုင်ဘူးဆိုတာ ဒါမျိုးကိုခေါ်တာပေါ့ကွာ . . .”
     “ ရှင်ကအောင်လံသားပါလို့ ပြောတော့ အရာရှိကအလုပ်ခန့်လိုက်ရော ဆိုပါတော့ . . .”
     “ အောင်လံသားပါလို့ပြောရုံနဲ့ မပြီးသေးဘူး အမိရေ . . .အောင်လံအကြောင်းလည်း မေးတတ်မြန်းတတ် တယ်လို့ သတင်းကြားထားတော့ ငါ့မှာ အောင်လံက လူတွေကိုတွေ့အောင်ရှာပြီး၊ အောင်လံအကြောင်းတွေကို မေးထားရသကွ ”
     “ ရှင်မေးတာနဲ့ အရာရှိမေးတာ ကိုက်ရဲ့လား ”
     “ ကံကောင်းချင်တော့ဟေ့. . .ငါကလည်းအောင်လံသမိုင်းကိုတော်တော်စုံစုံလင်လင် မေးထားမိတယ်၊ နောက်ပြီးတော့ အရာရှိရဲ့ဆွေမျိုးသာချင်း မိတ်ဆွေသင်္ဂဟတွေအကြောင်းလည်း ပါသပေါ့ကွာ၊ သူလည်း ဒါတွေပဲမေးတော့ ဟန်ကျသွားတယ် ”
     “ အမလေး. .သူမေးတာတွေကို ရှင်မဖြေနိုင်ရင်တော့ ဒုက္ခပဲနော် ”
     “ ဒုက္ခမှ အကြီးအကျယ်ဒုက္ခပေါ့ကွာ. . .အမယ် ဒါတောင် လုပ်လိုက်သေးတယ်၊ သိချင်တာရှိရင် နောက်ထပ်မေးဦးမယ်တဲ့ ”
     “ ရော် . . .အဲဒါမှ အခက် ”
     “ ဟုတ်တယ်ကွ၊ ငါလည်း အဲဒီအခက်ကိုတွေးမိလို့ လုပ်မိလုပ်ရာ လုပ်လိုက်ရတော့တာပဲ ”
     “ ဘယ်လိုလုပ်လိုက်တာလဲ ”
     “ လှေကားပေါ်က လိမ့်ကျချင်ယောင်ဆောင်ပြီး၊ သတိလစ်သလို လုပ်နေရတော့တာပေါ့ကွာ၊ စာရေးတွေကတော့ အဟုတ်မှတ်လို့ နှိပ်ကြ၊ နှာနှပ်ကြပေါ့၊ အဲဒီတုန်းက ငါဖြင့် ရယ်ချင်လိုက်တာလေ၊ မပြောပါနဲ့တော့၊ မနည်းအောင့်ထားရတယ်၊ နောက်သတိရလာတော့ ဦးခေါင်းကို ထိခိုက်သွားလို့ နောက်ကြောင်းတွေမေ့ကုန်တဲ့ အယောင်ဆောင်လိုက်ရသကွ ”
     “ ကျွန်မသိပြီ၊ အရာရှိက အောင်လံအကြောင်းနောက်ထပ်မေးရင် ရှင်က နောက်ကြောင်းတွေ မေ့ကုန်လို့ မပြောတတ်တော့ပါဘူး လုပ်မလို့ပေါ့လေ ”
          “ ဟဲ . . .ဟဲ . . . ဟဲ . . . ဟဲ . . .”
                             ရန်အောင်
No comments:
Post a Comment
သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .
♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥