...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, May 23, 2010

အောင်လံသမိုင်း ၃

                                       ဆံပုံတောင်နှင့် ဆင်ပေါင်ဝဲ




   သမ္ဘာဝညီနောက်တို့သည် စက္ခုနှစ်ကွင်းအလင်းရသည့်အခါ လောကဓါတ်တစ်ခွင်အား ဆင်ခြင်ကြည့်ရှုပြီး မိုးကြီးကကုန်းပြီး မြေကြီးထဲဝင်သွားပေသည်(မိုးကားအဖုံး မြေကားအထဲ)ဟု မှတ်ချက်ချ ဥဒါန်းပြုခဲ့သည်ကို အကြောင်းပြု၍ မိုးဖုံးမြေထဲ အရပ်ဟု ဖြစ်ပေါ်လာခဲ့ပေသည်။ ထို့နောက် ဘီလူးမအားဖောင်ပေါ်မှ နှင်ချ ခဲ့ပေသည်။ ထိုအချိန်တွင် ဘီလူးမ၀ယ်ညီနောင်နှစ်ပါးတို့နှင့်ငြိစွန်းခဲ့သော ကိုယ်ဝန်ကိုလွယ်ထားခဲ့ပေသည်။ ဘီလူးမသည် မကျေမချမ်းနှင့်ပင် ဖောင်ပေါ်မှ ဆင်းခဲ့ရပြီး တောင်ကုန်းတစ်ခုပေါ်သို့ ရောက်သောအခါ ဆံပင်ကိုဖြတ်ပြီး စေတီပုံသဏ္ဍန် ခွေပတ်ဓိဋ္ဌာန်၏။ ထိုဆံပင်ပုံကို စေတီအမှတ်ဖြင့် ရည်မှတ်ပူဇော်ပြီး မိမိလွယ်ထားသော ရင်သွေးသည် ဤညီနောက်နှစ်ပါးတို့အား တတိုင်းရပ်ခြားမှ တဂုဏ်ပနိုင်ရပါလို၏ (ပုန်ကန်ခြားနားနိုင်ရပါလို၏)ဟုဆုတောင့်းခဲ့သည်။
   ဆံပင်ကို ဖြတ်၍ပုံခဲ့သော တောင်ကို ဆံပုံတောင်ဟုခေါ်ပြီး တဂုဏ်ပရပါလို၏ဟူသော စကားကိုဆွဲ၍ တဂုဏ်ပေါ်အရပ်ဟုဖြစ်ပေါ်လာခဲ့ကြောင်း အဆိုရှိခဲ့ပါသည်။ ဆံပုံတောင်သည် ဆင်ပေါင်ဝဲမြို့နယ် တဂုဏ်ဘော် ကျေးရွာ၏တောင်ဘက်တွင် ရှိပါ၏။
   ဤနေရာ၌ ဆင်ပေါင်ဝဲမြို့ဟု ခေါ်တွင်ခဲ့ပုံကို ရှင်းလင်းလိုက်ပါ၏။ ဆိုပါစို့..အဆိုပါ စန္ဒမုခီဘီလူမသည် ဆံကိုပုံ၍ စေတီတည်ခဲ့သောကြောင့် ဆံပုံတောင်စေတီနှင့် ဆံပုံစေတီဟု ဖြစ်ပေါ်ခဲ့ရသည်။ ဆံပုံတောင်သည် လှေခေတ်က ဧရာဝတီမြစ်ကြောင်းသွား လှေသမား ဖောင်သမားတို့အတွက် ထင်ရှားသော ခရီးစဉ်အမှတ်အသား ဖြစ်ခဲ့ဖူးပါ၏။ ထိုဆံပုံတောင်နည်းတူ ထိုနယ်ဒေသ၏ ထင်ရှားသောအမှတ်အသားမှာ ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေသော ဧရာမ၀ဲပြန်ကြီး ဖြစ်ပါလေ၏။ ထိုဝဲသည် အလောင်းစည်သူမင်း၏ ဖောင်စကြာပင် ရုန်းမထွက်နိုင်သဖြင့် ဆင်နှင့်ဆွဲတင်ခဲ့ရဖူးကြောင်း နှုတ်ရာဇ၀င်ရှိခဲ့ပါသည်။
   ဆိုပါစို့..မြစ်ကြောင်းခရီးစဉ်၏ ထင်ရှားသောအမှတ်အသားဖြစ်သည့် ဆံပုံတောင်ကို အစွဲပြု၍ ထိုဝဲပြန်ကြီးကိုလည်း ဌာနျူပစာအားဖြင့် ဆံပုံဝဲဟု ခေါ်တွင်ခဲ့ကြပေသည်။ ထိုဆံပုံဝဲကြီးရှိရာ မြို့ကိုလည်း ဆံပုံဝဲဟု ခေါ်တွင်ခဲ့ရာမှ ဆင်ပေါင်ဝဲမြို့ဟုရွေ့လျားလာခဲ့ကြောင်း သက်ကြီးစကား သက်ငယ်ကြား ခဲ့ရဖူးပါသည်။
   အချို့ကလည်း အလောင်းစည်သူမင်း၏ ဖောင်စကြာကိုဆင်ဖြင့်ဆွဲတင်ပေးခဲ့ရသောကြောင့် ဆင်ဖောင်ဆွဲဟုလည်း လက်ခံထားခဲ့ကြပါသည်။ ဤနေရာ၌ ဆင်ဖောင်ဆွဲမှ ဆင်ပေါင်ဝဲ၊ ဆင်ပုံဝဲမှ ဆင်ပေါင်ဝဲ မည်သည်က အက္ခရာနီးစပ်မှုပိုရှိကြောင်းသတိပြုသင့်ပါ၏။ ထို့ပြင် ၀ါကျစနစ်အရ ဖောင်ကို ဆင်ဖြင့်ဆွဲတင်သည်သာ ဖြစ်သင့်ပါသည်။ ဆင်ဖြင့်ဖောင်ကိုဆွဲတင်သည်ဟု မဖြစ်သင့်ပါ။ ထို့ကြောင့် ဖောင်ကိုဆင်ဖြင့်ဆွဲတင်လျှင် ဖောင်ဆင်ဆွဲ ဟုဖြစ်ရပါမည်။ ဆင်ဖောင်ဆွဲဟု ဆိုလိုက်ပါက ဆင်ဖြင့် ဖောင် ကိုဆွဲတင်သည်ဟူသော ၀ါကျအမှာကိုလည်းကောင်း၊ ဆင်ကိုဖောင်ဖြင့်ဆွဲတင်သည်ဟူသော ကြံဆ ချက် အမှားကိုလည်းကောင်း၊ ဆိုက်ရောက်စေနိုင်ခဲ့သည်။ အလောင်းစည်သူမင်းကဲ့သို့သော ပညာရှိအမတ်များ ၀န်းရံနေသည့်တိုင်းပြုပြည်ပြု မင်းမြတ်တစ်ပါးသည် ဤကဲ့သို့သော လွဲချော်မှုမျိုးကို သတိလက်လွတ်ပြုခဲ့ မည်မဟုတ်ပေ။ သမိုင်းတစ်ခုဖြစ်ပေါ်လာရေအတွက် သမိုင်းထဲတွင် ပါဝင်နေသူများ၏ သိက္ခာကို မကျဆင်းစေသင့်ကြောင်း သတိပြုရမည် ဖြစ်ပါ၏
   ဘာပဲဖြစ်စေ ဆင်ဖောင်ဆွဲသည်လည်းကောင်း၊ ဆင်ပုံဝဲသည်လည်းကောင်း နှုတ်ရာဇ၀င်အဆင့်မှာသာ ရှိကြပါသေးသည်။ အခြားသော သမိုင်းအချက်အလက်များလည်း ထွက်ပေါ်လာနိုင်သေးပေ၏။ ကာလံဒေသံနှင့် လျှော်ကန်သင့်မြတ်မည့် အယူအဆကို ရွေးချယ်အတည်ပြုပြီး သမိုင်းတင်ပေးရမည်မှာ သမိုင်းသုတေသီတို့၏ တာဝန်သာဖြစ်ပါတော့သည်။ 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥