...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Wednesday, May 26, 2010

အောင်လံမြို့၏သမိုင်းဝင်စေတီဘုရားများ . . .

   အောင်လံမြို့၏ အရှေ့မြောက်အရပ် တောင်ကုန်းတစ်ခုတွင် ရှေးမြန်မာမင်းများလက်ထက်က တည်ထားခဲ့သည့် ကိုသိန်းကုန်းဘုရား၊ မြို့၏ အရှေ့တောင်အရပ် တောင်ဖီလာ တောင်ကန့်လန့်ပေါ်၌ မြန်မာသက္ကရာဇ် ၁၂၀၃-ခုနှင်တွင်၊ ရွှေဘိုမင်း၊ ကုန်းဘောင်မင်း၊ သာယာဝတီမင်းဟူ၍ သုံးမည်ရဘွဲ့ခံ မင်းတရားကြီး တည်ထားခဲ့သည့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံမလ္လာမင်းတို့ဥယျဉ်သို့ ကြွတော်မူခြင်း ဖြစ်စဉ်များအား အခန်းဆက်ကဏ္ဏကြီး(၁၆)ခုဖြင့် တည်ဆောက်ထားခဲ့သည့် ကုသိနာရုံ တောင်တော်ဘုရား၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း တရော်ကုန်းရွာရှိ ကမ်းနဖူးခင်တန်းအမူပေါ်တွင် တည်ထားသည့် ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားနှင့် အောင်လံမြို့ကန်ကြီးရပ်တွင် တည်ထားသည့် သိမ်ကုန်းဓမ္မာရုံဘုရားကြီး အစရှိသည့် ဘုရားလေးဆူရှိခဲ့ပါသည်။
                                        ကိုးသိန်းကုန်းတောင်တော်စေတီ


    ဂေါတမဘုရား လက်ထက်တော်ကာလတွင် ဒါသီ မျိုးနွယ် ဖြစ်သည့် ၀ိဋဋူဘမင်းသားသည်၊ သာကီဝင် မင်းမျိုးနွယ် ဆွေတော်မျိုးတော်များအား၊ ဓားမိုးရွာ လိုက်လံသတ်ဖြတ်သည့်အတွက်၊ သာကီဝင်မင်းမျိုးနွယ် ဆွေတော်မျိုးတော်များသည် လွတ်ရာလွတ်ကြောင်းပြေးကြရသည်။
   သာကီဝင်မင်းမျိုးနွယ် ဆွေတော်မျိုးတော်များသည် ဧရာပတ္တမြစ်(ယခုအခေါ် ဧရာဝတီမြစ်) ကိုဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်ရင်း တောတောင်ထူထပ်သည့် ဒေသတစ်ခုသို့ရောက်ရှိခဲ့ကြသည်။ သာကီဝင်မင်းမျိုးနွယ် ဆွေတော်မျိုးတော်များသည် ၄င်းတို့ရောက်ရှိနေသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ "အရိမေတ္တယျ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူသည့်အခါ၌၊ ဦးစွာပထမ ဖူးမျှော်ရလျက်၊ ကျွတ်တန်းဝင်ရပါစေသား" ဟူ၍ အဓိဋ္ဌာန်ပြီး၊ န၀ရတ်ကိုးသွယ်လက်ဝတ်တန်ဆာ ရွှေငွေရတနာများကို ဌာပနာကာ စေတီတစ်ဆူ တည်ထားကိုးကွယ်ကြသည်။
   ထိုစေတီတော်မှာ ကိုးသိန်းကိုးသောင်းကိုးထောင် စေတီတော်များအနက် တစ်ဆူအပါအ၀င်ဖြစ်သည့် "အောင်လံမြို့ ကိုးသိန်းကုန်းတောင်တော်စေတီ" ဖြစ်ပါသည်။

                                               သိမ်ကုန်းဓမ္မာရုံဘုရားကြီး
      အောင်လံမြို့ ကန်ကြီးရပ်ကွက်တွင်ရှိသည့် သိမ်ကုန်းဓမ္မာရုံဘုရားကြီးသည် အောင်လံမြို့နယ်အတွင်း၌
ထင်ရှားကျော်ကြားသော ဘာသာရေးအဆောက်အဦးကြီးတစ်ခုဖြစ်ပါသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်ထားခဲ့သော သိမ်တော်ကြီးအား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့မှ ရှေးခေတ်အခါကပင် အဆင့်ဆင့်မွန်းမံ တိုးချဲ့ပြုပြင် တည်ဆောက်လာခဲ့ကြသည့် ဘာသာရေးအဆောက်အဦးကြီးတစ်ခုလည်း ဖြစ်ပါသည်။
   ကောဇာသက္ကရာဇ်(၁၂၁၄)ခုနှစ်၊ ပုဂံမင်းလက်ထက် ဤသိမ်ကုန်းဓမ္မာရုံကြီးကုန်းမြေနေရာ၌ သိမ်ကြီး တစ်လုံးရှိခဲ့ရာ အနီးရှိ ဗုဒ္ဓဘာသာဝင်များသည် မူလပျဉ်သစ်သားသိမ်ကြီး၏တောင်ဘက်၊ မြောက်ဘက်တို့ တွင် ၀တ်ကျောင်း ဇရပ်တန်ဆောင်းများ ဆောက်လုပ်လျှက် ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။ (၁၂၅၆)ခုနှစ်တွင် အငြိမ်းစား အင်စပတ်တော် ဦးသာညိုခေါင်းဆောင်သော သာသနဟိတ အသင်းကြီးကို တည်ထောင်လျှက် တန်ဆောင်းတော်များ တိုးချဲ့ဆောက်လုပ်ကာ ကဆုန်လပြည့် ဗုဒ္ဓနေ့ တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ၀ါတွင်းကာလ အဘိဓမ္မာတရားပွဲများ၊ သီတင်းကျွတ် လပြည့်ကျော်(၂)ရက်နေ့နံနက်တွင် အာရုံဆွမ်း သပိတ်ကို စာရေးတံမဲဖြင့် ကပ်လှူခြင်းများနှင့် တာဝတိံ သာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းသည့် ဘုရားဆင်းပွဲတော်ကို စည်ကားစွာကျင်းပလာခဲ့သည် မှာ (၁၁၅)နှစ်ရှိပြီဖြစ်ပါသည်။
    ၁၂၈၀ခုနှစ်တွင် သမ္မာဆန္ဒဆွမ်းလောင်းသင်းကိုဖွဲ့စည်း၍ ၀ါတွင်းသုံးလပတ်လုံး မြို့ပေါ်ကျောင်းတိုက် များမှ ၀ါဆိုသံဃာတော်များအား နံနက်အရုဏ်ဆွမ်းလောင်းလှူခဲ့သည်မှာ(၉၂)နှစ်ကျော်ပြီဖြစ်ပါတယ်။ ၁၃၃၅ ခုနှစ်တွင် သိက္ခာကြီး၊ ၀ါတော်ကြီး ပူဇော်ပွဲကိုလည်း ပူးတွဲကျင်းပလာခဲ့သည်မှာ ယခုအခါ(၃၇)နှစ် မြောက်ဖြစ်ပါသည်။
   သိမ်တော်ကြီးနှင့်သိမ်ကုန်းဓမ္မာရုံဘုရားကြီး အဆောက်အဦးတည်နေပုံ အနေအထားများကို၊ ဖွဲ့စည်းမှု ပုံစံဇယားများရေးဆွဲကာ သမာဓိမြို့ဝန်ဦးထွန်းဖေက စနစ်တကျမှတ်တမ်းတင်ခဲ့သည်ကို တွေ့ရပါသည်။
   အဆောက်အဦးတည်နေပုံအနေအထားများကို မူလသိမ်တော်ကြီး၊ စူဋ္ဌာမုနိစေတီတော်၊ လျောင်းတော်မူခန်း၊ တင်ပလ္လင်ခွေခန်း၊ မူလဘုရားခန်းတန်ဆောင်း၊ မူလခန်းမကြီးပြဿဒ်ဆောင်ကြီး၊ ဘုရားခုနှစ်ဆူတန်ဆောင်း၊ တရားဟောခန်းမကြီး၊ လျှပ်စစ်ဓါတ်မီးစက်ခန်း၊ တန်ဆောင်းနှင့်ဘုရားဆင်လမ်း
(နတ်လမ်းဆင်းလမ်း)၊ ဝေယျာဝစ္စစတိုခန်း အစရှိသဖြင့် မှတ်တမ်းတင်ထားရှိသည်ကိုတွေ့ရပါသည်။
     မူလသိမ်တော်ကြီး
   မူလသိမ်တော်ကြီးမှာ သစ်သား၊ပျဉ်တို့ဖြင့်ဆောက်လုပ်ထားသည့်သိမ်တော်ကြီးဖြစ်ပါသည်။ သိမ်တော်ကြီးအတွင်း အရှေ့ဘက်နံရံ၌ ၁၂၆၆ ခုနှစ်၊ တပေါင်းလဆန်းတစ်ရက်နေ့တွင် အောင်လံမြို့ ကန်ကြီးရပ် လမ်းမတော်လမ်း ဆီစက်ပိုင်ရှင် ဦးဟုတ်ရွှေ၏အဘိုးအဘွားများဖြစ်ကြသည့် ဦးစစ်ဖြန်+ဒေါ်ငွေညှာ သားသမီးတစ်စုတို့မှ ဥာဏ်တော်(၄)တောင်ခန့်ရှိ တင်ပလ္လင်လွေကျောက်ဆင်းတု တော်တစ်ဆူ အနောက်ဘက်သို့မျက်နှာတော်မူလျှက် ပူဇောထားရှိသည်ကို တွေ့ရှိရပါသည်။
      စူဋ္ဌာမုနိစေတီတော်
   စူဋ္ဌာမုနိစေတီတော်မှာ ၁၂၇၁ခုနှစ်တွင် အောင်လံမြို့ ကန်ကြီးရပ် ကုန်သည်ကြီး ဦးစံထွန်း+ဒေါ်ပန်းအုံ သားသမီးတစ်စုတို့မှ လှူဒါန်းသည့်စကျင်ကျောက်ဖြူတုံး ကျောက်ဖြူခွေများဖြင့် ပူဇော်ထားသည့် စေတီတော်ဖြစ်ပါသည်။
    လျောင်းတော်မူခန်း
   ၁၂၇၁ ခုနှစ်တွင် အောင်လံမြို့ ကန်ကြီးရပ် လမ်းမတော်လမ်း ကုန်သည် ဦးထူး+ဒေါ်ဝါညို သားသမီး တစ်စုတို့မှ လှူဒါန်းပူဇော်သည့်လျောင်းတော်မူခန်းဖြစ်ပါသည်။
    တင်ပလ္လင်ခွေခန်း
   တင်ပလ္လင်ခွေခန်းမှာ ၁၂၇၁ ခုနှစ်တွင် အောင်လံမြို့ ကန်ကြီးရပ် လမ်းမတော်လမ်း ဦးဘိုထွန်း+ဒေါ်ငွေယုံ
သားသမီးတစ်စုတို့မှ လှူဒါန်းပူဇော်သည့် တင်ပလ္လင်ခွေ ဆင်းတုတော်ကြီးဖြစ်ပါသည်။
    မူလတန်ဆောင်းကြီး
   မူလဘုရားတန်ဆောင်းကြီးမှာ ဦးပန်မွှေး+ဒေါ်သက် သားသမီးတစ်စုတို့မှ ဆောက်လုပ်လှူဒါန်းသည့် တန်ဆောင်းကြီးဖြစ်ပါသည်။ မူလသိမ်တော်ကြီး၏မြောက်ဘက်တွင် ကပ်လျှက်တည်ရှိပါသည်။
    ပြဿဒ်ဆောင်ကြီး
 ပြဿဒ်ဆောင်ကြီးမှာ မူလတန်ဆောင်ကြီးအလှူရှင် ဦးပန်းမွှေး+ဒေါ်သက် သားသမီးတစ်စုတို့မှ ဆောက်လုပ်လှူဒါန်းသည့် ပြဿဒ်ဆောင်ကြီးဖြစ်ပါသည်။
    ဘုရားနှစ်ဆူတန်ဆောင်း
   ဘုရားနှစ်ဆူတန်ဆောင်းမှာ အောင်လံမြို့ဈေးကြီးအတွင်းမှ ဈေးသူ/သားများသည် ၁၂၇၅ ခုနှစ်မှစ၍ တစ်နေ့လျှင် (၁)ပြားကျစုဆောင်း၍ ရသည့်ငွေများဖြင့် ၁၂၈၅ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းသည့် တန်ဆောင်းဖြစ်ပါသည်။
    တရားဟောခန်းမဆောင် 
   တရားဟောခန်းမဆောင်ကြီးမှာ ဦးပန်းမွှေး+ဒေါ်သက် သားသမီးတစ်စုတို့မှ လှူဒါန်းသည့်  တရားဟော ခန်းမကြီးဖြစ်ပါသည်။ ဘုရားနှစ်ဆူတန်ဆောင်းနှင့် မူလတန်ဆောင်းကြီးနှစ်ခုတို့၏ အကြား၌တည်ရှိသည့် ခန်းမကြီးဖြစ်ပါသည်။
  အထူးသဖြင့် ဘုရားဆင်းပွဲတော်(နတ်လမ်းဆင်းပွဲ)ကျင်းပပြုလုပ်သည့် သီတင်းကျွတ်လပြည့်ကျော်(၁) ရက်နေ့တွင် မြို့ပေါ်ရှိရပ်ကွက်များ ပတ်ဝန်းကျင်ကျေးရွာများနှင့် ရပ်နီး၊ရပ်ဝေး ဒေသအသီးသီးမှ ဘုရားသို့ရောက်လာကြသည့် လူထုပရိတ်သတ်များဖြင့် ကြက်ပျံမကျအထူးစည်ကားလှပါသည်။

                               ဆုတောင်းပြည့်ရွှေပြောင်ပြောင်စေတီ
   တကောင်းပြည်ကို နောက်ဆုံးအုပ်ချုပ်မင်းလုပ်တော်မူသည့် ဘိန္နကရာဇာမင်းလက်ထက်တွင် မြောက်ဘက်တွင်ရှိသော ဂန္ဓာလရာဇ်တိုင်း စိန့်ပြည်မှ တရုတ်တို့ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးကြသည့် အတွက် သင်္ဃရဋ္ဌမည်သော တကောင်းပြည်ကြီး ပျက်စီးခဲ့ရသည်။
   ဤတွင် ဘိန္နကရာဇာမင်းသည် နောက်လိုက်ဗိုလ်ပါအလုံးအရင်းနှင့်အတူ မလည်ချောင်းအရပ်၌ ပုန်းအောင်းစံနေတော်မူရင်း နတ်ရွာစံကံတော်ကုန်ခဲ့ပါသည်။
   ဘိန္နကရာဇာမင်း နတ်ရွာစံကံတော်ကုန်သည့်နောက်တွင် နောက်လိုက်ဗိုလ်ပါအလုံးအရင်းတို့သည် အစုသုံးစုကွဲသွားကြပြီး တစ်စုသည် အရှေ့မျက်နှာ ရှမ်းတို့အရပ်တွင် ရှမ်းတစ်ဆယ့်ကိုးခရိုင်ကို တည်ထောင်ကာ နေထိုင်ကြသည်။
   တစ်စုမှာ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းခဲ့ကြပြီး၊ ပျူ၊ ကမ်းယံ၊ သက်တို့၏ အရပ် မုဒုစိတ္တစသော သာကီဝင်မင်းတို့စိုးစံရာ သုနာပရန္တတိုင်းတွင် နေထိုင်ကြသည်။
   တစ်စုမှာ ဘိန္နကရာဇာမင်း၏ မိဖုရား နာဂဆိန်နှင့်အတူ မလည်ချောင်းအရပ်၌ နေထိုင်ကြသည်။
   သုနာပရန္တတိုင်းသို့ ခိုဝင်ခဲ့ကြသည့် လူစုတွင် ဘေးတော်ကံသမင်းကြီး၏ နာမံတော်ကိုခံယူသည့် ကံသမင်းသားပါဝင်ပါသည်။
   ထိုအချိန်က သုနာပရန္တတိုင်းနယ်မြေအတွင်း၌ သောင်းကျန်းသူများ၏ သောင်းကျန်းနှောက်ယှက်မှုများကို နှိမ်နှင်းရန် သားတော်အိမ်ရှေ့ဥပရာဇာအား စစ်သူကြီးခန့်အပ်၍ သောင်းကျန်းသူများအား နှိမ်နှင်းစေရာ သားတော်အိမ်ရှေ့ဥပရာဇာမင်းသားသည် တပ်တည်ထောင်ကာ၊ ဗိုလ်ထုနှင့်အတူ၊ အောင်စည်ကိုရွှမ်း၊ အောင်လံကိုထောင်၊ အောင်မောင်းသံတီးခတ်လျက်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူးခင်တန်းအငူ ပေါ်တွင်တည်ရှိသည့် တရော်ကုန်းရွာ ဆိပ်ကမ်းသို့ တက်လှမ်းခဲ့သည်။
   သားတော်အိမ်ရှေ့ဥပရာဇာမင်းသားသည် တရော်ကုန်းရွာဆိပ်ကမ်းတွင် စစ်ဖြန့်၍မထွက်မီ စစ်သည်ဗိုလ်ပါတို့နှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်းပြုလျက်၊ ဧရာဝတီမြစ်ကမ်းသဲသောင်ပြင်မှ သဲများကို သယ်ယူကြကာ ကိုးတောင်ပြည့် သဲပုံစေတီတော်ကို တည်ထားလျက်၊ ပန်း၊ ရေချမ်း၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာတိုင်၊ မလေးပွားတို့ဖြင့် ရှိခိုးကော်ရော် ပူဇော်ကန်တော့ကြပြီးလျှင်"ဤကောင်းမှုကုသိုလ်တော် တို့ဖြင့် တွေ့လာသမျှရန်အပေါင်းကို လွယ်ကူစွာ နှိမ်နင်းအောင်နိုင်ရပါလို၏"ဟူ၍ ဆုတောင်းကြပြီး သောင်းကျန်းသူများအား တပ်ဖြန့်ချီတက် တိုက်ခိုက်နှိမ်နင်းရာ လွယ်ကူစွာ နှိမ်နင်းအောင်နိုင်ခဲ့ပါသည်။
   ဤတွင် စစ်မထွက်မီက ဆုတောင်းခဲ့ကြသည့်အတိုင်း ဆုတောင်းပြည့်ခဲ့ကြသောကြောင့် မိမိတို့ တည်ထားခဲ့ကြသည့် ကိုးတောင်ပြည့်စေတီတော်မြတ်ကို အုတ်၊ ကျောက်တို့ဖြင့်မွမ်းမံကာ ခိုင်ခံ့သည့် အုတ်ကျောက်စေတီတော်အဖြစ် ထပ်မံ၍တည်ဆောက်ကြပြီး စေတီတော်မြတ်ကိုလည်း ဆုတောင်းပြည့် စေတီဟု ခေါ်ဝေါ်ခဲ့ကြသည်။
   သားတော်အိမ်ရှေ့ဥပရာဇာမင်းသားသည် ဆုတောင်းပြည့်စေတီတော်မြတ်ကို တံတိုင်းလေးဘက်ကာရံ ပြီး ရင်ပြင်တော်ကိုလည်း အုတ်များဖြင့် မြောင်းများပြုလုပ်လျက် ပြန်လည်ပြုပြင်မွမ်းမံကာ စေတီတော်မြတ် ကိုလည်း ဓါတ်တော်၊ မွေတော်များဌာပနာကာ အထက်မှသပိတ်မှောက်တော်အထိ ရွှေအပြည့်ချ ရွှေသင်္ကန်း ကပ်လှူတော်မူပါသည်။
   ဤတွင် ဆုတောင်းပြည့်စေတီတော်သည် ရွှေသင်္ကန်းကပ်လှူ ရွှေအပြည့်ချ၍ ပူဇော်လိုက်သောအခါ ရွှေရောင်များဖြင့် ပြောင်ပြောင်ဝင်းလျက် "ဆုတောင်းပြည့် ရွှေပြောင်ပြောင်စေတီ" ဟူ၍ ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။


                                    ကုသိနာရုံတောင်တော်ဘုရား
   ကုသိနာရုံတောင်တော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၃-ခု တန်ဆောင်မုန်းလတွင် ရွှေဘိုမင်း ကုန်းဘောင်မင်း သာယာဝတီမင်းဟူ၍ သုံးမည်ရသုံးဘွဲ့ခံ မင်းတရားကြီးတည်ထားခဲ့သည့် သမိုင်းဝင်(ပြန်တမ်းတင်) ဘုရားကြီးဖြစ်ပါသည်။
   ကုသိနာရုံတောင်တော်ဘုရားကြီးသည် မြတ်စွာဘုရား ပရိနိဗ္ဗန်ပြုတော်မူရာ ကုသိနာရုံမလ္လာမင်းတို့ ဥယျဉ်သို့ကြွတော်မူခြင်းဖြစ်စဉ်များအား အခန်းဆက်ကဏ္ဍကြီး(၁၆)ခုဖြင့် တည်ထားခဲ့ပါသည်။
   အခန်းဆက်ကဏ္ဍကြီး(၁၆)ခုမှာ
၁။ မာရ်နတ်သးမှ မြတ်စွာဘုရားအား အာယုသင်္ခါရလွှတ်တော်မူပါရန် လျှောက်ထားတောင်းပန်ခန်း၊
၂။ ညီတော်အာနန္ဒာအား မြတ်စွာဘုရားမှ အာယုသင်္ခါရလွှတ်တော်မူမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခန်း၊
၃။ ပန်းတိမ်သည်၏သား စုန္ဒဇနီးမောင်နှံတို့မှ မြတ်စွာဘုရားအား ဆွမ်းစားပင့်ခန်း၊
၎။ မြတ်စွာဘုရား ဆွမ်းစားတော်မူခန်း၊
၅။ ညီတော်အာနန္ဒာ ရေကြည်တော်ရှာခန်း၊
၆။ ညီတော်အာနန္ဒာ ရေကြည်တော်ကပ်ခန်း၊
၇။ မြတ်စွာဘုရားအား အရှင်စုန္ဒ တွဲတော်မူခန်း၊
၈။ မလ္လာမင်းသား ပက္ကုသမှ ပုစ္ဆာလျှောက်ထားခန်း၊
၉။ မြတ်စွာဘုရားမှ သုဘဒ်ပရိဗိုဇ်အား နောက်ဆုံးတရားဟောခန်း၊
၁၀။ ညီတော်အာနန္ဒာ မျောက်ငိုပင်အောက်တွင် ငိုကြွေးခန်း၊
၁၁။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခန်း၊
၁၂။ မြတ်စွာဘုရား၏အလောင်းတော်အား မလ္လာမင်းတို့ ထမ်းတော်မူခန်းနှင့် မလ္လိကာမိဖုရားမှ 
      မဟာလတာ တန်ဆာလှူခန်း၊
၁၃။ ရှင်မဟာကဿပနှင့် တိတ္ထိတက္ကတွန်း တွေ့ဆုံခန်း၊
၁၄။ ရှင်မဟာကဿပနှင့် ရဟန္တာများ မြတ်စွာဘုရားအား ဖူးမျှော်ရန် ကြွတော်မူခန်း၊
၁၅။ မြတ်စွာဘုရားအား လောင်တိုက်သွင်းထားတော်မူခန်း၊
၁၆။ ဒေါဏပုဏ္ဍားကြီးမှ ဓာတ်တော်ဝေခန်း -  အစရှိသည်တို့ဖြစ်ပါသည်။
    အောင်လံမြို့၏ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ကိုသိန်းကုန်းတောင်တော်စေတီ၊ သိမ်ကုန်းဓမ္မာရုံ ဘုရားကြီး၊ ဆုတောင်းပြည့်ရွှေပြောင်ပြောင်စေတီနှင့် ကုသိနာရုံဘုရားကြီးတို့သည် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြရာ၊ အောင်လံမြို့ ကိုးသိန်းကုန်း တောင်တော် စေတီတော်မြတ်ကြီးသည် နှစ်စဉ်နတ်တော်လဆန်း(၁၃)ရက်မှ နတ်တော်လဆုတ်(၇)ရက် အထိ၎င်း၊ သိမ်ကုန်းဓမ္မာရုံဘုရားကြီးနှင့် ဆုတောင်းပြည့်ရွှေပြောင်ပြောင်စေတီတို့မှာ နှစ်စဉ် သီတင်းကျွတ် လဆန်း(၁၄)ရက်မှ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့အထိ၎င်း၊ ကုသိနာရုံဘုရားကြီးသည် နှစ်စဉ်တပေါင်း လတွင်၎င်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိပါသည်။




                                                                                အောင်လံမြို့နယ်မဂ္ဂဇင်း
                                                                                စာတည်းအဖွဲ့ဝင်တစ်ဦး

  

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥