...

Tab Menu E

♥ ♥ ♥ ♥ ♥ မင်္ဂလာပါ . . . ♥ ♥ ♥ ♥ ♥ အောင်လံသုခိတာမှ လှိုက်လှဲစွာကြိုဆိုပါ၏ . . .။ ♥ ♥ ♥ ♥ ♥

Sunday, May 23, 2010

မေတ္တာ စေတနာမွန်ဖြင့် ၃

  ဦးဖြူဝင်း(ဒုဥက္ကဋ္ဌ)ကလည်း "အရေးကြီးတာက နာရေးသယ်ယာဉ်ဗျ၊ ဦးစိုးပိုင်+ဒေါ်ခင်မြတ်ဆွေ(ပိုင်ကုမ္ပဏီ)က သိန်း(၅၀)တန် ဟိုက်လပ်တစ်စီးလှူတော့ လုပ်ငန်းကိုချက်ချင်းစနိုင်တာပေါ့၊ ပြင်ပဆက်သွယ်ရေးအတွက် (၂၁၆၆၆) တယ်လီဖုန်းကို (ဆ.သ.ရ) တိုင်းမှူးဦးသွင်လင်းမိသားစုက သဒ္ဓါပေါက်ပြီး လှူပြန်တော့ ပိုပြီးအဆင်ပြေသွားပါတယ်" ဟု ထပ်ဆင့်ပြောပါသည်။
   အသင်း၏လုပ်ငန်းများအဆင်ပြေနိုင်ရန်အတွက် ရှိပြီးနိဗ္ဗာန်ယာဉ်(၁)စီးအပြင် ကားသစ်(၁)စီးရအောင် ထပ်မံကြိုးပမ်းဆောင်ရွက်ကြပါသည်။ မြို့ပေါ်လူထု၏ ကုသိုလ်ပါဝင်မှုအလှူငွေများ တစ်ဦးချင်းစေတနာရှင်များ၏ထည့်ဝင်လှူဒါန်းမှုများ၊ အသင်းလက်ဝယ်ရှိငွေကြေးများဖြင့် ပေါင်းစပ်၍ လိုက်အေ့စ်(၁)စီး၊ တန်ဖိုးငွေ(၁၀၅)သိန်းကျော်ကို အသင်းပိုင်ကားအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းမော်တော်ယာဉ်အသစ်ကိုမူ မြို့တွင်းနှင့်အဝေး ခရီးစဉ်များအတွက် သတ်မှတ်ဈေးနှုန်းများဖြင့် လိုက်ပါဝန်ဆောင်ပေးခြင်းကိုသာ ဆောင်ရွက်နိုင်ပါသေးသည်ဟု သိခဲ့ရပါသည်။
   အသင်း၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို စာရေးကြီးဦးစိုးမြင့်က"နာရေးကူညီမှုတွေကို(၂.၅.၂၀၀၄)ကစပြီး စက်တင်ဘာ-၂၀၀၉ထိ ဦးရေ(၃၂၆၆)ဦးကို ကူညီဆောင်ရွက်ပေးပြီးပါပြီ" ဟုရှင်းပြပါသည်။
   အသင်းတစ်သင်း၏ ရေရှည်တည်တံ့မှုသည် စေတနာရှင်တို့၏(ငွေအား/လူအား)အပေါ်၌မူမည်ပါသည်။ ၎င်းတို့၏ယုံကြည်မှုအားထားမှုအတွက် စာရင်းဇယားများကို ဦးလှမြင့်-ဦးစီးအရာရှိ(ငြိမ်း)စာရင်းရုံးက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

   "ကျွန်တော်လုပ်ဆောင်ခဲ့တဲ့စာရင်းတွေက စစ်ဆေးခံစာရင်းတွေပါ။ ကိုယ်တိုင်လည်းစာရင်းစစ်(ငြိမ်း) ဆိုတော့ တိတိကျကျဆောင်ရွက်ထားပါတယ်" လို့ဦးလှမြင့်က ရှင်းပြပါသည်။ ယခုအနေအထားတွင် ထိုက်သင့်သော အလှူငွေ၊ ပစ္စည်း၊ ယာဉ်၊ စာရင်းဇယားတိကျမှုတွေနှင့် ထိန်းသိမ်းကွပ်ကဲနိုင်သော လူကြီး များလည်းရှိနေပြီဖြစ်၍ နောက်ထပ်လိုအပ်ချက်ကို မေးမြန်းရာ ကိုလှဦးက အောက်ပါအတိုင်းပြန်ဖြေပါသည်။
"နာရေးပုဂ္ဂိုလ်ကို သယ်တယ်ဆိုတာ တကယ့်စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတာတွေမရှိရင်လုပ်လို့မရဘူး။ နာရေးယာဉ်ပေါ်မှာ လိုက်ပါဆောင်ရွက်နိုင်ဖို့ လူငယ်လုပ်အားရှင်တွေကို ဆက်သွယ်စည်းရုံးရပါတယ်"
 " ကျွန်တော်က ကိုလှဦး ဆက်သွယ်လို့ ဒီအဖွဲ့အစည်းကိုရောက်ခဲ့တာပါ။ သူငယ်ချင်းတွေဖြစ်တဲ့ ကိုမဲလေး၊ လွင်ဦး၊ စိုးမြင့်၊ ဦးသိန်းထွန်း၊ ဦးချစ်ငြိမ်း၊ ဖူးခက်၊ မြတ်ကျော်၊ ဇော်ထက်အောင်၊ အောင်ကြီး၊ ညီဇော်၊ မျိုးအောင်၊ ကိုလေး၊ ကိုကျော်မိုး၊ ကြည်စိုး၊ ဇင်ဇော် တို့က၀ိုင်းကူကြပါတယ်" လို့မောင်မောင်ဦးက ပြောပါသည်။






"ကျွန်တော်တို့က အနှေးယာဉ်(ဆိုက္ကား)အဖွဲ့ပါ။ နာရေးကိစ္စရှိရင် ရိုးမဘဏ်လမ်းထိပ်က ဓါတ်တိုင်မှာနာရီအတိအကျ ကြေငြာထားတတ်ပါတယ်။ အဲဒါကိုကြည့်ပြီး အချိန်မှီဆောင်ရွက်ပါတယ်"ဟုကိုလွင်ဦးက ရှင်းပြပါသည်။
ကိုအောင်ကြီးကတော့"ကျွန်တော်တို့အဖွဲ့မှာ ဆိုက္ကားအဖွဲ့၊ ဆိုင်ကယ်ပြင်၊ ဈေးသည်၊ ကွမ်းယာရောင်း၊ ဆီစက်လုပ်ငန်း၊ ကုန်သည် လူစုံအလွှာစုံပါပါတယ်။ ဒါပေမယ့်လိုအပ်လာလျှင်တော့ အလုပ်ကိုထားခဲ့ပြီး အချိန်ယူ ကူညီဆောင်ရွက်ကြပါတယ်"လို့ပြောပါသည်။
နာရေးကူညီဆောင်ရွက်နေကြသော လူငယ်များက"ကုသိုလ်ရတယ်"ဆိုသော အယူအဆထက် လုပ်သင့်သော လူမှုရေးလုပ်ငန်းဟု ခံယူသဘောပေါက်ထားကြပါသည်။
ကိုမဲလေး၏စေတနာစကား အယူအဆကလည်း ရှာမှရှားဖြစ်ပါသည်။
"အခုပေါ်နေတဲ့ ရောဂါအသစ်အဆန်းတွေကြောင့် ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်မှုမရှိရအောင် လူကြီးတွေက လက်အိတ်တွေ၊ နှာခေါင်းစည်းတွေ သုံးဖို့ပြောပါတယ်၊ နာရေးကားပေါ်မှာလည်း အမြဲအဆင်သင့်ထားပေးပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒါတွေကို မသုံးရက်ပါဘူး၊ နာရေးပိုင်ရှင်တွေကို စာနာတယ်၊ အားနာတယ်၊ သူတို့တွေက ပရိဒေ၀နဲ့ ရင်ထဲမှာ မီးတောက်နေတဲ့အချိန်ကူညီဖို့လာတဲ့ ကျွန်တော်တို့တွေက ရွံ့သလို၊ ကြောက်သလို၊ စိတ်မသန့်သလို ဖြစ်နေတယ်လို့...ထင်သွားရင်ဘယ်ကောင်းမလဲဗျာ၊ ဒီတော့...သိပ်မခံနိုင်လောက်အောင်၊ အနံ့ဆိုးတွေကြုံရင်လည်း၊ သြဇာရွက်ကလေးလက်ထဲမှာ ထည့်ပြီးမသိမသာပွတ်ခြေ၊ ရှူရင်းသည်းခံစိတ်နဲ့ကိစ္စပြီးအောင် ဆောင်ရွက်ကြပါတယ်။
မွန်မြတ်သော မေတ္တာဟူသည်...အေးငြိမ်းချမ်းသာခြင်းဖြင့်၊ ပြန်လည်ရယူမှုကင်းသော ပေးဝေခြင်းသာ ဖြစ်သည်ဟု...မုဒိတာပွားချင်ပါတော့သည်။ 

No comments:

Post a Comment

သုခိတာအတွက် တစ်ခုခုပြောခဲ့ပါ . . .

♥ ♥ ♥ ♥ ♥ မြို့နှင့်ပတ်သက်သောဓါတ်ပုံများ၊ ကဗျာ၊၀တ္ထု စာမူများကိုပေးပို့လိုပါက aunglanthukhitar@gmail.com သို့ပေးပို့နိုင်ပါတယ် . . . ♥ ♥ ♥ ♥ ♥

♥ ♥ ♥ ♥ ♥ Website အညွှန်း . . . ♥ ♥ ♥ ♥ ♥